အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ (၄၄)ကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ညီလာခံကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၁၀)။

၂၀၂၃ ခုနှစ်၊ (၄၄)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဝင်အသင်း ကိုယ်စားလှယ်များ၏ ခြင်းလုံးညီလာခံ (ဒုတိယပိုင်း)အစီအစဉ်ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ကို ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့တွင် စတင် တည်ထောင်ဖွဲ့စည်းခဲ့ရာမှ ခြင်းလုံးခတ်ကစားခြင်းကို အားကစားအသွင်အဖြစ် စတင်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ ပထမအကြိမ် ရိုးရာခြင်းလုံးညီလာခံကို ရန်ကုန်မြို့၌ ၁၉၅၃ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ ကျင်းပခဲ့ပြီး တစ်ပြည်လုံးမှ ကိုယ်စားလှယ်(၃၃)ဦး တက်ရောက်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် သက်တမ်းနှစ်(၇၀)အတွင်း ရိုးရာခြင်းလုံးညီလာခံကို အချို့နှစ်များတွင် မကျင်းပနိုင်ခဲ့သော်လည်း ယခု(၄၄)ကြိမ်မြောက်ညီလာခံကို ပြန်လည်ကျင်းပနိုင်ခဲ့ပါကြောင်း၊ ရိုးရာခြင်းလုံး အားကစားနည်း တိုးတက်ပြန့်ပွားအောင် နိုင်ငံတကာ၌ ထိုးဖောက်ရာတွင် အောင်မြင်ခဲ့သလို ပြည်တွင်း၌လည်း မတိမ်ကော မပပျောက်ဘဲ ဆက်လက်ပြန့်ပွားတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၌ ကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်တွင် မြန်မာ့ရိုးရာခြင်းလုံးအားကစား နည်းကို ထည့်သွင်းကျင်းပပြုလုပ်နိုင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုညီလာခံသို့တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း ကိုယ်စားလှယ်များအနေဖြင့် အကြံကောင်း၊ ဉာဏ်ကောင်းများ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း၊ နည်းဥပဒေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ဝိုင်းဝန်းပူးပေါင်း၍ အကြံပြုဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယကကြီး ဦးစိုးတင့်က အမှာစကားပြောကြားရာတွင် ယခုညီလာခံကို ကျင်းပပြုလုပ်ရန် ခွင့်ပြုပေးခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုကျင်းပသည့်ညီလာခံကဲ့သို့ ခြင်းလုံးအားကစားနည်း၏ အစဉ်အလာကောင်းများကို အဖွဲ့ချုပ်တွင် တာဝန်ယူဆောင်ရွက်ကြမည့်ပုဂ္ဂိုလ်များနှင့် နောင်လာနောင်သားများအား ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်များတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြမှသာ ခြင်းလုံးအားကစားနည်း ပိုမိုတိုးတက်ပြန့်ပွားနိုင်မည်ဖြစ်ပြီး မျိုးဆက်သစ်အားကစားသမားကောင်းများစွာ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ ညီလာခံတွင် မဟာဗျူဟာများချမှတ်၍ ဆုံးဖြတ်ဆောင်ရွက်ပြီး အဖွဲ့ချုပ်အနေဖြင့် နည်းဗျူဟာများ ရေးဆွဲ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားစေရေးအတွက် ဆပ်ကော်မတီအဖွဲ့ဝင်များအားလုံး ဝိုင်းဝန်း ပူးပေါင်း၍ တာဝန်ရှိသူများထံ ခွင့်ပြုချက်တင်ပြတောင်းခံပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ကို အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်၍ မျိုးဆက်သစ် အားကစားသမားများ ရရှိအောင် အားလုံးဝိုင်းဝန်း ကြိုးစားအားထုတ်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်းသောင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ညီလာခံကျင်းပပေးသည့် ရည်ရွယ်ချက်အတိုင်း ရိုးရာခြင်းလုံးအားကစားနည်း ကျယ်ကျယ်ပြန့်ပြန့် ပိုမိုတိုးတက်စေရေးအတွက် တာဝန်ရှိသူများအားလုံး အကြံဉာဏ်ကောင်းများ ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် ခြင်းလုံးညီလာခံသို့ တက်ရောက်လာသည့် ဆပ်ကော်မတီဝင်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း ကိုယ်စားလှယ်များက အကြံကောင်း၊ ဉာဏ်ကောင်းများ၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်း၊ နည်းဥပဒေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဝိုင်းဝန်းပူးပေါင်း၍ အကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။