အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ(၁၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ၌ ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် အင်ပြည့်အားပြည့် ပါဝင်ဆင်နွှဲနိုင်ရေးညှိနှိုင်းခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်းတွင် လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲများအား ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ နေပြည်တော်တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲများအား ၂၀၀၆ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားနေသည့်အတွက် ဆောင်ရွက်ခြင်းမပြုနိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲများကို ပြန်လည်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စုပေါင်းလမ်းလျှောက်ပွဲများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ပေးနေခြင်းမှာ “လူတစ်ဦးချင်းမှ အစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းမြင့်မားရေး” ဆိုသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့်လည်း လူထုစုပေါင်းလမ်းလျှောက်ပွဲများ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲနိုင်စေရေးအတွက် ရွှေကြာပင်၊ သပြေကုန်းနှင့် ရွှေနံ့သာရပ်ကွက်များမှ ပြည်သူများ ပါဝင်ဆင်နွှဲနိုင်ရေးအတွက်လည်း စည်းရုံးဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုနှစ်တွင် ဒီဇင်ဘာလူထုအားကစားလစုပေါင်းလမ်းလျှောက်ပွဲများကို အပတ်စဉ်စနေနေ့များဖြစ်သည့် (၂ရက်၊ ၉ရက်၊ ၁၆ရက်၊ ၂၃ ရက်နှင့် ၃၀ ရက်နေ့)များတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း၌သာ ပြုလုပ်သွားရန် စီစဉ်ထားရှိပါကြောင်း၊ နံနက်(၅:၄၅)နာရီတွင် လမ်းလျှောက်ပွဲဆင်နွှဲရန် သတ်မှတ်ထားပါသဖြင့် ဝန်ကြီးဌာနများအနေဖြင့် အချိန်မီရောက်ရှိစေရေးကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းဂိတ်(A)ရှေ့တွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများအား ကျယ်ကျယ်ဝန်းဝန်းဖြင့် စုပေါင်းဆင်နွှဲနိုင်ရန်နှင့် လေ့ကျင့်ခန်းများ ဆောင်ရွက်ပြီးချိန်တွင် ရေသန့်ဗူးနှင့် အဆာပြေမုန့်များ ဖြန့်ဝေပေးသွားရန် ဆောင်ရွက်ထားရှိပါကြောင်း၊ ဝန်ကြီးဌာနအလိုက် ပါဝင်ဆင်နွှဲမည့် ဝန်ထမ်းများအတွက်လည်း တီရှပ်အင်္ကျီများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းနှင့် ယခုနှစ်ကျင်းပမည့် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲသို့ ဝန်ကြီးဌာနများအနေဖြင့် ယခင်နှစ်များထက် အင်ပြည့်အားပြည့် ပါဝင်ဆင်နွှဲပေးရန် ပြောကြားခဲ့သည်။

ဆက်လက်၍ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ချမှတ်ထားသည့် လုံခြုံရေးတာဝန်များ၊ စည်းမျဉ်း/စည်းကမ်းများ၊ သတင်းမှတ်တမ်းရိုက်ကူးရာတွင် ဌာနအလိုက်အစီအစဉ်တကျ လှလှပပ ညီညီညာညာဖြင့် စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေးဆောင်ရွက်နိုင်ရန် ယခင်နှစ်များအတိုင်း စနစ်တကျပြုလုပ်ထားပါကြောင်း၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်ပွဲများအပြင် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓါတ်ပုံ ပြိုင်ပွဲများကိုလည်း ဝန်ကြီးဌာနများမှ စိတ်ပါဝင်စားသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို လုံခြုံမှုအပြည့်ဖြင့် ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဖြည့်စွက်ပြောကြားရာတွင်၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန်နှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။