အားကစားရေးရာဝန်ကြီးဌာန

Loading

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအသင်းအောင်နိုင်ရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂၇

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ မြန်မာအသင်း အောင်နိုင်ရေးအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂)၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး (၃)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ Teqball (တက်ဂ်ဘော)၊ Esports နှင့် ကျွမ်းဘားအားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၄)၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ဦးဆောင်၍ အားကစားနည်း(၅)နည်းမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမား စုစုပေါင်း အင်အား ၈၄ ဦးတို့သည် မိမိတို့ဝန်ကြီးဌာနထံသို့ ပေးပို့တင်ပြထားသည့် Move Plan ပါအချက်အလက်များ၊ နေ့ရက်များ၊ ခရီးစဉ်များအတိုင်း ထွက်ခွာခြင်း/ ပြန်လည်ရောက်ရှိခြင်းများ လိုက်နာဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားအဖွဲ့များ တည်းခိုနေထိုင်မည့်နေရာ၊ ပြိုင်ပွဲယှဉ်ပြိုင်မည့် အားကစားကွင်း/အားကစားရုံ၊ ပြိုင်ပွဲအနိုင်/အရှုံးရလဒ်များ၊ ယှဉ်ပြိုင်သည့် Short Videoနှင့် ဓာတ်ပုံများကို အများပြည်သူသိရှိနိုင်အောင် သတင်းထုတ်ပြန်နိုင်စေရန်နှင့် နိုင်ငံတော်အကြီးအကဲထံသို့ အချိန်နှင့်တပြေးညီ သတင်းပို့တင်ပြနိုင်စေရန်အတွက် Viber နှင့် Telegram Group များဖွဲ့၍ ဆက်သွယ်ရမည့် Contact Person အမည်စာရင်းများကို ပေးပြီး ပေါင်းစပ်ဆောင်ရွက် သွားရန်လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ အနေဖြင့် မျှော်မှန်းထားသည့်အတိုင်း ဆုတံဆိပ်များရရှိစေရန်နှင့် မိမိအသင်းအောင်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နိုင်သင့်သည့်အသင်းများကို အနိုင်ရရှိစေရန် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားရန်လိုကြောင်း၊ မိမိအားကစားအဖွဲ့အောင်နိုင်ရေးအတွက် ဂျပန်နိုင်ငံသွားရောက်မည့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး လိုအပ်ချက်များ၊ အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာနိုင်ငံအိုလံပစ် ကော်မတီရုံးနှင့် ချိတ်ဆက်နိုင်ကြောင်းနှင့် မိမိတို့အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာ အားကစားနည်းများအလိုက် ပြိုင်ပွဲယှဉ်ပြိုင်မည့် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားအင်အား စာရင်း၊ ထွက်ခွာမည့်နေ့ရက်/အချိန်၊ လေယာဉ်ခရီးစဉ်၊ တည်းခိုနေထိုင်မည့်နေရာ၊ အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် (Event)အမျိုးအစားများအား အသေးစိတ် တင်ပြဆွေးနွေးခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပြီးနောက် မြန်မာအားကစား အဖွဲ့အနေဖြင့် သတ်မှတ်ထားသည့် မျှော်မှန်းဆုတံဆိပ်များရရှိပြီး အောင်မြင်မှုများရရှိစေရေးအတွက် လိုအပ်သည်များကို အတူတကွ ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။