အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၄)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက်

နေပြည်တော်၊ ဧပြီ ၂၈။

၂၀၂၅ – ၂၀၂၆ ခုနှစ်များအတွက် အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၏ ဦးဆောင်ကျင်းပမှုဖြင့် (၁၄)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးခေါင်းဆောင်၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual စနစ်ဖြင့်တက်ရောက်ခဲ့သည်။

အစီအစဉ်အရ (၁၄)ကြိမ်မြောက်အစည်းအဝေးအား အခမ်းအနားအစီအစဉ် (၁၄)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဓိကအားဖြင့် ယခင်က ကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် အစည်းအဝေးကျင်းပပြီးစီးသည့် ကာလအတွင်း ကျင်းပခဲ့သည့် အခြားအာဆီယံအစည်းအဝေးများ၏ ဆုံးဖြတ်ချက် များ၊ (၁၃)ကြိမ်မြောက် အစည်းအဝေးတွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် နောက်ဆက်တွဲ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပြင်ပမိတ်ဖက်အဖွဲ့အစည်းများမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ချက်များ၏ နောက်ဆုံးဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရုရှားနိုင်ငံမှ အဆိုပြုခဲ့သော အာဆီယံ-ရုရှား လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး စတင်ကျင်းပပြုလုပ်ရေးနှင့် စပ်လျဉ်း၍ လက်ရှိ အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်လျက် ရှိသည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ထောက်ခံပါကြောင်း၊ အာဆီယံ-ရုရှား ပူးပေါင်းဆောင်ရွက်မှုများကို ယနေ့ခေတ်၏ လျင်မြန်စွာ တိုးတက်နေမှုများနှင့်အညီ ပြောင်းလဲဖော်ဆောင်နိုင်ရန်နှင့် ထိရောက်ပြီး စနစ်ကျသော ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတစ်ခုကို တည်ဆောက်လာနိုင်ရေးအတွက် အစည်းအဝေး၏ တာဝန်ဝတ္တရားများ (ToR) ကို ရေးဆွဲချမှတ်နိုင်ရန် အရေးကြီးပါကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေး ဒုတိယပိုင်းအနေဖြင့် အထွေထွေဆွေးနွေးခြင်း အစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ်က၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၊ အလယ်ပိုင်းဒေသများ၌ ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံအတွက် ထောက်ပံ့ကူညီပေးခဲ့မှုများအတွက် အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပြီးနောက် အစည်းအဝေးတက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင် ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ပထမနေ့အား ရပ်နားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် (၁၃) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။