(၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်
နေပြည်တော်၊ ဧပြီ ၂၉
အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက် လျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်း ၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ခေါင်းဆောင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
အစီအစဉ်အရ အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် အခြေအနေများ၊ ယခင်ကျင်းပခဲ့သည့် အစည်းအဝေးနှင့် ကျင်းပပြီးစီးခဲ့သည့် ကာလအတွင်းကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များနှင့် နောက်ဆက်တွဲ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး အထွေထွေဆွေးနွေးခြင်း အစီအစဉ်တွင် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈) ရက်နေ့၌ အင်အားအလွန်ပြင်းထန်သော မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် မြေငလျင်ဒဏ်ကို ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် နည်းပညာဆိုင်ရာ ကူညီ ပံ့ပိုးမှုများ၊ အရေးပေါ်ကာလအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့ များကိုစေလွှတ်ပေးခဲ့မှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အခြားလိုအပ်နေသော ပံ့ပိုးထောက်ပံ့မှုများကို ကူညီ ထောက်ပံ့ပေးခဲ့သည့် အာဆီယံအပေါင်း ၃ နိုင်ငံများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ဦးဆောင်မှုဖြင့် (၁၄)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် (၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာအစည်းအဝေးတို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့တို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။


