![]()
အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံ
ရန်ကုန်၊ အောက်တိုဘာလ ၁၉ရက်
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်(၄၀)တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကအဖွင့်အမှာစကားပြောကြားရာ တွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် အဖွဲ့ချုပ်များမှတာဝန်ရှိသူများနှင့် အုပ်ချုပ်မှု၊ လေ့ကျင့်မှု၊ ယှဉ်ပြိုင်မှုနှင့် အောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အပြီးသတ် တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီသို့ မပျက်မကွက် ပေးပို့သွားရမည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိကို ယခုအစည်းအဝေးတွင် တစ်ခါတည်း စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကာလနီးကပ်ချိန် တွင် ဆောင်ရွက်ကြရမည့် ရုံးလုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လေ့ကျင့်အောင်နိုင်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများမဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူး များက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် အောင်မြင်မှုဆုတံဆိပ်များရရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အားကစား နည်းများအလိုက် အားကစားသမားများ၏ အမည်၊ ပြိုင်ပွဲအမျိုးအစား၊ ထွက်ခွာခြင်း/ ပြန်လည်ရောက် ရှိခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို စိစစ်ပြီး အတည်ပြု သတ်မှတ်ခြင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက စခန်းဝင် လေ့ကျင့်နေသည့် အားကစားသမားများအား ကျွေးမွေးနေမှုများကို သွားရောက်စစ်ဆေး၍ မှတ်တမ်း များပြုလုပ်ထားရှိခြင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် စပ်လျဉ်း၍ မဖြစ်မနေ ပြင်ဆင်ဆောင်ရွက် ထားရမည့် ပြိုင်ပွဲသုံးပစ္စည်းများ၊ ပြိုင်ပွဲဝင်ဝတ်စုံများ အချိန်မီရောက်ရှိပြီး ကြိုတင်ဝတ်ဆင် လေ့ကျင့် သွားနိုင်ရေးနှင့် အောင်နိုင်ရေး အလံအပ်နှင်းပွဲအခမ်းအနားတွင် အားကစားနည်းအလိုက် အထောက် အကူပြုပစ္စည်းများကို စုံလင်စွာခင်းကျင်းပြသနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိခြင်း၊ အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင် ရမည့်နေရာများ၊ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် ထွက်ခွာမည့် နေ့ရက်၊ ယှဉ်ပြိုင်မည့်နေ့ရက်၊ ပြန်လည်ရောက်ရှိမည့် နေ့ရက်များ၊ တည်းခိုနေထိုင်စားသောက်ရေးကိစ္စရပ်များ၊ ဝင်ရောက်ယှဉ်ပြိုင် မည့်ပြိုင်ပွဲအမျိုးအစားများ၊ အားကစားသမားများ Injuryထိခိုက်ဒဏ်ရာ မရရှိစေရေးအတွက် ဆောင်ရွက်နေမှုများ၊ နည်းပြ/ဒိုင်လူကြီးများ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်မည့်မြန်မာအားကစားအဖွဲ့အောင်မြင်မှုရရှိစေရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ နှင့် ဆောင်ရွက်ပေးရန် ကျန်ရှိသည့် ကိစ္စရပ်များအပေါ် အသေးစိတ် ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


