![]()
အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားကွင်းနှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်း ကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မတ် ၁၆
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်အားကစားကွင်းနှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ပွဲကြည့်စင်တည်ဆောက်နေမှုနှင့် ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်အားကစားကွင်းသို့ သွားရောက်၍ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သော ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မီတာ ၄၀၀ Synthetic ပြေးလမ်းအသစ် ခင်းကျင်းပြီးစီးမှု၊ မြက်ခင်းပြန်လည်စိုက်ပျိုးပြီးစီးမှုနှင့် မြက်ခင်းများ စိမ်းလန်းစေရေးအတွက် Sprinkler ရေဖျန်းစနစ် တပ်ဆင်ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် အရည်အသွေးစစ်ဆေးသည့် QC ကုမ္ပဏီမှ ပြန်လည်ပြင်ဆင်စေသည့် အချက်များနှင့် လိုအပ်သည့် အပိုင်းများကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးသွားရန် လိုကြောင်း သတ်မှတ်စံချိန်၊ စံညွှန်းအရည်အသွေးပြည့်မီမှသာ လုပ်ငန်းလွှဲပြောင်းလက်ခံခြင်း ကို ဆက်လက်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်သည် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ငါးရိုးရေစိမ့်မြောင်း ဖောက်လုပ်ခြင်း၊ ဘောလုံးကွင်း ကြမ်းဖောက်လုပ်ခြင်း၊ ကွင်းကျောက်ခင်းခြင်းလုပ်ငန်း၊ ပေ ၁၅၀ x ၄၀ အနောက်ဘက် ပွဲကြည့်စင် တည်ဆောက်နေမှုနှင့် ပေ ၂၂၀၀ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ခြံစည်းရိုးအုတ်တံတိုင်းနှင့် အားကစားကွင်း ရေရှည်တည်တံ့ပြီး မပျက်စီးစေရေးအတွက် ရေစိမ့်မြောင်းများ၊ ရေလွှဲမြောင်းများနှင့် ရေထိန်းတိုင်များကို မဖြစ်မနေ ဂရုစိုက်ထည့်သွင်းပြီး တည်ဆောက်သွားရန်လိုကြောင်း၊ သတ်မှတ်စံချိန်/ စံညွှန်းပြည့်မီပြီး အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး စေရေးတို့အတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ရှိသူများက စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


