အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လှေလှော်/တိုက်ကွမ်ဒိုကစားနည်းများ လေ့ကျင့်နေမှုများ ကြည့်ရှုခြင်းနှင့်အားကစားပညာဘာသာရပ် သင်ကြားရေးအဖွဲ့ Board of Studies(၁/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ရက်

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် လှေလှော်အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် ရရှိသည့် စံချိန်၊ စံနှုန်းများကို ကြည့်ရှုအား‌ပေးခဲ့ပြီးနောက် အုပ်ချုပ်၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လာမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများကို ဆွတ်ခူးရယူနိုင်ပြီး အမိမြန်မာနိုင်ငံတော်၏အလံကို အခြားနိုင်ငံ၏ တိုင်ထိပ်တွင် လွှင့်ထူနိုင်ရမည်ဆိုသည့် ပြည်ထောင်စုဝန်ကြီး၏ မျှော်လင့်ချက်၊ လမ်းညွှန်မှာကြားချက်များအတိုင်း ပိုမိုကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ယခုကတည်းကစပြီး မဆုတ်မနှစ်သည့် ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် အောင်နိုင်ရေးအတွက် အစွမ်းကုန်လေ့ကျင့်ကြရန်လိုကြောင်း၊ အရည်အသွေး၊ အရည်အချင်းပြည့်ဝပြီး နှစ်လုံးပေါက်လေ့ကျင့်ထားမှုများ အလဟဿမဖြစ်စေရန် ၊ အသွား၊ အလာ၊ နေထိုင်၊ စားသောက်မှုများကို ဂရုစိုက်ပြီး ကျန်းမာရေးကိုအထူးဂရုစိုက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏ)ရှိ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်သို့ ရောက်ရှိပြီး စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမ လက်ရွေးစင်တိုက်ကွမ်ဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက်

အားကစားသမားများအနေဖြင့် တိုက်ကွမ်ဒိုအားကစားနည်းဖြင့် အောင်မြင်မှု ဆုတံဆိပ်များရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုများအတိုင်း စည်းကမ်းရှိစွာဖြင့် လိုက်နာကြိုးစားလေ့ကျင့်သွားကြရန် လို‌ကြောင်း၊ လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာ (Injury) မရရှိအောင် ဂရုစိုက်လေ့ကျင့်သွားကြရန် မှာကြားခဲ့ပြီး‌ အားကစားသမားများ၏တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြား အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အားကစားပညာဘာသာရပ် သင်ကြားရေးအဖွဲ့ Board of Studies (၁/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်ပြီး နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အားကစားပညာဘာသာရပ်အတွက် ထိရောက်သော သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲအတည်ပြု နိုင်စေရေး၊ သင်ကြားရေးဆိုင်ရာ Syllabus များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရေး၊ အားကစား ပညာဘာသာရပ် မဟာဘွဲ့သင်တန်းများ စတင်ဖွင့်လှစ်နိုင်စေရေး၊ အသင့်တော်ဆုံးဖြစ်မည့် ဌာနအမည်နှင့် ဘွဲ့အမည်ကို သတ်မှတ်အတည် ပြုပေးနိုင်စေရေး၊ လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်မြှင့်တင်နိုင်စေရေး၊ အားကစားပညာမဟာဘွဲ့ သင်တန်းဖွင့်လှစ်နိုင်စေရေးတို့အတွက် ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည့် ဆရာကြီး၊ ဆရာမကြီးများ၏ အကြံပြု ဆွေးနွေးတင်ပြချက်များနှင့်ညှိနှိုင်း၍ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာဝင်းဝင်းသန်းနှင့် Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာစိုးစိုးအောင်တို့က in person စနစ်ဖြင့်လည်းကောင်း၊ ရတနာပုံတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ ခင်မော်မော်စိုး က Virtual စနစ်ဖြင့်လည်းကောင်း နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ မှ Grade-12 နှင့်ချိတ်ဆက်ထားသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ အဆိုပြုပြီး ထားသော Curriculum နှင့် Syllabuses များ၏ ထပ်မံပြင်ဆင်ချက်များကို ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးသုံးသပ်ညှိနှိုင်းတင်ပြခဲ့ကြပြီးနောက် အားကစားပညာဘာသာရပ်၏ ဘွဲ့အမည်များအား သိပ္ပံဘွဲ့(အားကစားပညာ) BSc (Sports) ဟု သတ်မှတ်စေရေး၊ ပထမနှစ်မှ စတင်သင်ကြားနေပြီဖြစ်သော Curriculum များကို ဒုတိယနှစ်မှစ၍ ဖြည့်စွက်ပြင်ဆင်သင်ကြားစေရေး၊ စာတမ်းများပြုစုရာတွင် အားကစားပညာဘာသာရပ် စာတမ်းပုံစံ အဖြစ် တူညီမှုရှိစေ‌ရေး၊ သင်တန်းဝင်ခွင့်ပညာအရည်အချင်းသတ်မှတ်ချက်များနှင့်အညီ အားကစားပညာ မဟာဘွဲ့သင်တန်း ဖွင့်လှစ်နိုင်စေရေးတို့ကို အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် ရတနာပုံတက္ကသိုလ်မှ ပါမောက္ခ ဌာနမှူး ဒေါက်တာဒေါ်ဖြူဖြူသိမ့် က Virtual စနစ်ဖြင့်လည်းကောင်း ၊ in person စနစ်ဖြင့် ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခဒေါက်တာထင်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင် ၊ သင်ကြားရေးမှ ဒေါက်တာ ထက်ဇေယျာနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး‌ ဒေါက်တာထက်ဝေတို့က သင်ကြားရေးဆိုင်ရာ ပို့ချမှုများနှင့် ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် အားကစားပညာ ဘာသာရပ်သင်ကြားရေးအဖွဲ့ ဒဂုံတက္ကသိုလ်မှ သင်္ချာပါမောက္ခဌာနမှူး ဒေါက်တာအေးအေးယုက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။