အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နဝရတ်အားကစားကွင်း အဆင့်မြင့်အားကစားရုံ တည်ဆောက်နေမှုအခြေအနေနှင့် အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်ရှိ နဝရတ် အားကစားကွင်း အတွင်းရှိ အဆင့်မြင့် အားကစားရုံ (၉၅%) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး VIP ပွဲကြည့်စင်တည်ဆောက်ထားရှိမှုအခြေအနေ၊ လှေကား လက်ရမ်းတပ်ဆင်နိုင်ရေး၊ အပေါ်နံရံဘက် အလင်းဝင်ရောက်သည့် အုတ်နံရံအား ပြန်လည်ပြုပြင်နိုင်ရေး၊ ရေမီးသုံးစွဲမှုများ အဆင်ပြေစေရေးအတွက် ရေလိုင်း၊ မီးလိုင်းသွယ်တန်းထားရှိမှုစနစ်များ ကောင်းမွန်စေရေး၊ သန့်စင်ခန်းနှင့် ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး၊ အဆောက်အဦများအား သတ်မှတ်စံချိန် စံညွှန်း နှင့်အညီအရည်အသွေးပြည့်မီစွာ တည်ဆောက်ပြီးစီးနိုင်စေရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စက်မှုဇုန် ဘောလုံးကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်းနှင့် ပွဲကြည့်စင် ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး အတွက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းအားကစားကွင်းသို့ သွားရောက်ပြီး အထူးတန်းပွဲကြည့်စင်အား မူလပုံစံမပျက်စေဘဲ ပြန်လည်ပြုပြင် တည်ဆောက် သွားရန် ခွင့်ပြုသည့်အချိန်မှ စတင်၍ တည်ဆောက်နိုင်ရေး၊ လုပ်ကိုင်ဆောင်ရွက်သွားမည့် အစီအစဉ်များအား အသေးစိတ်ပြုစုပြီးဝန်ကြီးဌာနသို့ ပြန်လည်တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုကြောင်း၊ ဂိုးတိုင်၊ ဂိုးပိုက်များအား အမြဲမပြတ် ထုံးဖြူသုတ်ထားရန်နှင့် အားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ ရေရှည်တည်တံ့စေရေးနှင့် အားကစားကွင်း/ အားကစားရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ပြီး သစ်လွင်တောက်ပစေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် ၊ အမျိုးသားအားကစား ပြိုင်ပွဲ ရုံ(၁)သုဝဏ္ဏသို့ သွားရောက်၍ ရှန်ဟိုင်းဆောက်လုပ်ရေးကုမ္ပဏီမှ ထားရှိခဲ့သည့် အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကုမ္ပဏီမှထားခဲ့သည့် အဆောက်အဦနှင့် ပစ္စည်းများကို ဘုတ်အဖွဲ့ ဖွဲ့စည်း၍ ပြန်လည်စစ်ဆေးပြီး စာရင်းဇယားပြုစု၍ အသေးစိတ် တင်ပြ ပေးသွားရန်လိုကြောင်း၊ အခန်း ၅ ခန်းအား အကောင်းဆုံး ပြန်လည်ပြုပြင်မွမ်းမံပေးသွားရန်နှင့် ကျန်အခန်းများအား လူပျိုဆောင်အဖြစ် အသုံးပြုနိုင် ရေးအတွက် စိစစ်၍ စာရင်းပြုစုပြီး ပြန်လည်တင်ပြပေးသွားရန်လိုကြောင်း၊ သတ်မှတ်ရက်အတိုင်း Site Cleaning အား အပြီးသတ် ဆောင်ရွက်သွားနိုင်ရေးတို့အတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။