![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၅
၂၀၂၆ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက် စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဦးစီးကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဦးကျော်ဇင်မိုး၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေး၊ ဆပ်ကော်မတီဝင်များနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့သည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် အကြီးအကဲများ၏ လမ်းညွှန်ချက် များနှင့်အညီ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ ထမနဲထိုးပြိုင်ပွဲကို စည်းစည်းကားကား သိုက်သိုက် မြိုက်မြိုက်ဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်း တိုင်ပင်၍ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အနံ့အရသာ ကောင်းမွန်သည့် ထမနဲများအား ဝန်ထမ်းမိသားစုဝင်များကို စနစ်တကျ ခွဲဝေပေးနိုင်ရေးနှင့် ပြိုင်ပွဲနှင့် ပတ်သက်ပြီး ပြိုင်ပွဲဝင်ဌာနခွဲများအားလုံး တစ်ပြေးညီဖြစ်စေရေးအတွက် လိုအပ်သည်များကို အသေးစိတ် ဆွေးနွေးတင်ပြပေးသွားရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးကော်မတီဝင်များက ပြိုင်ပွဲကျင်းပမည့် နေ့ရက်၊ နေရာ၊ အချိန်၊ သတ်မှတ်ထားသည့် အမှတ်ပေးစနစ်နှင့် စည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ရာ ဆပ်ကော်မတီ များအလိုက် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြ ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က ထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ထမ်းများ အား ကျရာအခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


