အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၃၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ၏ အခက်အခဲများနှင့် တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုတွေ့ဆုံပွဲ အခမ်းအနားအား ကျင်းပပေးခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ရောဂါဖြစ်ပွားပါက ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ထိရောက်စေမည်ဖြစ်သည့်အတွက် ကျန်းမာရေးအသိပညာများ ရရှိစေရန်နှင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်တစ်ခုဖြစ်ပြီး ဝန်ထမ်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများ နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ပိုမိုသိရှိနားလည်ပြီး လိုက်နာစောင့်ထိန်းနိုင်စေရန် ရည်ရွယ်၍ ယနေ့ အခမ်းအနားတွင် ကျန်းမာရေး အသိပညာပေးဆွေးနွေးခြင်းနှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး (၃၀) ရွတ်ဆိုခြင်းအစီအစဉ်များကို ထည့်သွင်းကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဌာနခွဲများမှ ဝန်ထမ်းများက ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အသီးသီး တင်ပြခဲ့ကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန စီမံ/ဘဏ္ဍာ ညွှန်ကြားရေးမှူးက ဝန်ထမ်းများ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီးနောက် အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးက ကျန်းမာရေးအသိပညာပေးဆွေးနွေးပြောကြားခြင်းနှင့် ဌာနခွဲများမှ ဝန်ထမ်းများ က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး (၃၀) အား အသီးသီး ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြား ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး (၃၀)အား မှန်မှန်ကန်ကန်ဖြင့် အကောင်းဆုံး ရွတ်ဆိုနိုင်သည့် ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ ကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ဆက်လက်ကြိုးစား သွားကြရန်လိုကြောင်း၊ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်း၊ မိမိအနေဖြင့်လည်း ဝန်ထမ်းများ၏ အခက်အခဲများကို ကူညီဖြေရှင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။