![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခဲသည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များက အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Polytechnic University ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးမင်းဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဘိုရှိန်(ငြိမ်း)နှင့် ဗိုလ်ချုပ် စိုးနိုင်ဦး(ငြိမ်း)၊ နေပြည်တော်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ Naypyitaw State Polytechnic University မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခဲသည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်မှုမြှင့်တင်ခြင်း Video Clip အားပြသခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခဲသည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းများကို အခြေခံပညာကျောင်း များဖြစ်သည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အ.ထ.က(၁၄)၊ အ.ထ.က(၂၂)၊ အ.ထ.ကခွဲ အ.လ.က (၃)နှင့် ပျဉ်းမနားမြို့နယ်ရှိ အ.ထ.က(၃)၊ အ.ထ.က(၄)တို့တွင် ကျင်းပပြုလုပ်ပေးခဲ့ပြီး ယခု Naypyitaw State Polytechnic University ကျောင်းမှ ကျောင်းသား/ကျောင်းသူများကို ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားအား ထပ်မံပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ငြိမ်းချမ်းရေးသည် အသက်သမျှ အရေးကြီးကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ အဓိက အင်အားစုဖြစ်ပြီး အနာဂတ် ခေါင်းဆောင်များဖြစ်သော ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွက်လာစေရေးအတွက် ၂၀၂၆ လူငယ်ငြိမ်းချမ်းရေးဖိုရမ် အခမ်းအနားအား ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် နိုင်ငံသားတိုင်း တွင် တာဝန်ရှိသည့်အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်အောင် လူငယ်များအားလုံး ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ငြိမ်းချမ်းရေး၏ အနစ်သာရ အပြည့်အဝခံစားနိုင်အောင် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်အတွက် ဖိုရမ် အခမ်းအနားတက်ရောက်ခဲ့သည့် တာဝန်ရှိသူများနှင့် လူငယ်ကိုယ်စားလှယ်များက အတွေ့အကြုံကောင်းများနှင့် ဗဟုသုတများကို ပြန်လည်မျှဝေပေး၍ ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပေးခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် ထူးချွန်ထက်မြက်ပြီး အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည့် လူကောင်းလူတော်များ၊ နိုင်ငံသားကောင်း ရတနာများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဘိုရှိန်(ငြိမ်း)နှင့် ဗိုလ်ချုပ်စိုးနိုင်ဦး(ငြိမ်း)တို့က လူငယ်ငြိမ်းချမ်းရေးဖိုရမ် အတွေ့အကြုံများနှင့် စပ်လျဉ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး နောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နေပြည်တော်လူငယ် ကိုယ်စားလှယ်များက အုပ်စုလိုက်ဆွေးနွေးမှု မှတ်တမ်းများအား ပြန်လည်ရှင်းလင်းခြင်း၊ ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များ၏ အနှစ်ချုပ်အားရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို ပြန်လည်မေးမြန်း ခြင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကြေငြာစာတမ်းအား ဖတ်ကြားခြင်းနှင့် လူငယ်အားမာန် တိုင်းပြည်အဖိုးတန် သီးချင်းအား ဖွင့်လှစ်ခဲ့ပြီးနောက် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။




