အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ
ရန်ကုန်၊စက်တင်ဘာလ (၂၃)ရက်
အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျိုက္ကဆံမြားပစ်ကွင်းရှိ ပဏာမလက်ရွေးစင် မြားပစ်အားကစားသမားများ လေ့ကျင့်နေမှုများ အားလည်းကောင်း၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပဏာမလက်ရွေးစင် ဘိလိယက်နှင့်စနူကာအားကစားသမားများ လေ့ကျင့်နေမှုများအားလည်းကောင်း ၊ လူငယ်အားကစား လေ့ကျင့်ရေးစခန်းရှိ တိုက်ကွမ်ဒိုအားကစားရုံ၌ ပဏာမလက်ရွေးစင်တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်သူ/နည်းပြများအား လိုအပ်ချက်များကို မှာကြားခဲ့ပါသည်။
ဆက်လက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကို ယနေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာအားကစားနှင့်ကာယပညာ ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများ တက်ရောက်ခဲ့ကြပါသည်။
ယနေ့အစည်းအဝေးတွင် ဘိလိယက်နှင့် စနူကာ၊ ပီတန်း၊ မြားပစ် ၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ လှေလှော်၊ တိုက်ကွမ်ဒို၊ အလေးမ၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေး ၊ ပန်ကြပ်ဆီလပ်၊ သေနတ်ပစ်၊ဝူရှူး ၊ စစ်တုရင်၊ ဘိုးလင်း ၊ Kickboxing ၊ စားပွဲတင်တင်းနစ်၊ ဘောလုံး/ဖူဆယ်၊ Aquatics (Swimming)၊ ကြက်တောင် ၊ ဘတ်စကက်ဘော ၊ စက်ဘီး ၊ မြင်းစီး ၊ E Sports ၊ ကျွမ်းဘား၊ Squash ၊ Teqball ၊ တင်းနစ်၊ နပန်း ၊ ဘော်လီဘော ၊ ဂျူဂျစ်ဆု ၊ Kabaddi ၊ Tug of War ၊ စကိတ်၊ ခရစ်ကက် ၊ ရွက်လှေ ၊ Muay ၊ ဂေါက်သီး ၊ ဟော်ကီ စသည့်အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကား ပြောကြားရာတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရန် (၇၇)ရက်သာ ကျန်ရှိတာကြောင့် ပြိုင်ပွဲအတွက် အရေးကြီးကာလကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်၍ အားကစားအဖွဲ့များမှ ခွင့်တင်ပြတောင်းခံရာတွင် အဖွဲ့ချုပ်တာဝန်ရှိသူ များမှတဆင့် စီစစ်ကြပ်မတ်ပြီး မဖြစ်မနေခွင့်ယူရမည့်အခြေအနေမှသာ ဦးစီးဌာနသို့ တရားဝင်စာဖြင့် တင်ပြစေလိုကြောင်း၊ ရာသီဥတုအခြေအနေအရ အားကစားသမားများ ဖျာနာခြင်းများဖြစ်ပေါ်ပါက Recovery ဖြစ်ရန် အချိန်ကြာမြင့်နိုင်သဖြင့် အုပ်ချုပ်/နည်းပြများမှ အထူးဂရုစိုက်ကြပ်မတ်ဆောင်ရွက် သွားစေလိုကြောင်း၊ နိုင်ငံတော်မှ စခန်းသွင်းအားကစားအဖွဲ့များအတွက် စားစရိတ်အနေဖြင့် တစ်ဦး လျှင်တစ်ရက် ကျပ် ၁၂၀၀၀/- နှုန်းဖြင့် ကျွေးမွေးလျက်ရှိတာကြောင့် ထိုနှုန်းထားနှင့်ကိုက်ညီမှုရှိသည့် Menu များအတိုင်း ကျွေးမွေးရန် လိုအပ်ပါကြောင်း၊ အားကစားအဖွဲ့များအနေဖြင့် လက်ကျန်ကာလ များတွင်လည်း လေ့ကျင့်မှုအစီအစဉ်များအတိုင်း လေ့ကျင့်နိုင်ရေး၊ အုပ်ချုပ်/နည်းပြ များမှ စနစ်တကျ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စရိတ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ အတွက် ပြိုင်ပွဲသုံးပစ္စည်း ဝယ်ယူစရိတ်များကို ထုတ်ပေးခဲ့ပြီးဖြစ်၍ ဝယ်ယူရန်နှင့် ဝယ်ယူထားသည့် ပစ္စည်းများ ရောက်ရှိလာပါက အမြန်ဆုံးဖွင့်ဖောက်စစ်ဆေးပြီး တိုက်ရိုက် သွင်း/ထုတ် စနစ်ဖြင့် စနစ်တကျ ဆောင်ရွက်သွားကြစေလိုကြောင်း၊ အဖွဲ့ချုပ်စရိတ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား အဖွဲ့ချုပ်များအနေဖြင့် အောက်တိုဘာလကုန် နောက်ဆုံးထား၍ ပြိုင်ပွဲသုံးပစ္စည်းများကို လက်ဝယ် ရရှိရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ ပူးတွဲလေ့ကျင့်မှု သွားရောက်နေကြသည့် အားကစားအဖွဲ့များအနေဖြင့်လည်း နိုဝင်ဘာလအတွင်း ပြုလုပ်မည့် အောင်နိုင်ရေးအလံအပ်နှင်းပွဲအမီ ပြန်လည်ရောက်ရှိနိုင်ရေး၊ ချိတ်ဆက်ဆောင်ရွက်ထားရန်လိုကြောင်း၊ စခန်းဝင်အားကစားအဖွဲ့များမှ အပြီးသတ်အမည်စာရင်း ရွေးချယ်မှုတွင် မပါဝင်သည့်အုပ်ချုပ်/နည်းပြ ၊ အားကစားသမားများကို ၁.၉.၂၀၂၅ ရက်နေ့မှစတင်၍ အဖွဲ့ချုပ်အစီအစဉ်ဖြင့် ဆက်လက်လေ့ကျင့်ခြင်း (သို့မဟုတ်) အင်အားလျှော့ချခွင့်တင်ပြခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင် မည့် အားကစားသမားများ၏ ကိုယ်ရေးအချက်အလက်များကို တာဝန်ရှိသူများကမေးမြန်းလာပါက အလွယ်တကူဖြေကြားနိုင်ရေးအတွက် အုပ်ချုပ်/နည်းပြများအနေဖြင့် ကြိုတင်စီစဉ်ဆောင်ရွက် ထားရန် လိုကြောင်း၊အားကစားအဖွဲ့များအနေဖြင့် သွားရောက်ယှဉ်ပြိုင်သည့် အချိန်တွင် ဌာနမှ ရေးဆွဲထုတ်ပြန် ထားသည့် အမိန့်များကို လိုက်နာဆောင်ရွက်သွားနိုင်ရေး၊ အုပ်ချုပ်သူနည်းပြများက စနစ်တကျ ကြီးကြပ်ကွပ်ကဲသွားကြရန်လိုပါကြောင်း၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဝန်ကြီးဌာနမှ ခွင့်ပြုထားပြီး အဖွဲ့ချုပ်အစီအစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အုပ်ချုပ်မှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးနှင့် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ရေးအတွက် လေ့ကျင့်မှုများကို စနစ်တကျဆောင်ရွက်သွားကြစေလိုပါ ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ မှ တာဝန်ရှိသူတို့က (၃၃) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား ချက်ပြုတ်ကျွေးမွေးသည့် သတ်မှတ်နှုန်းထားများ ၊ ကျွေးမွေးသည့် Menu များ ၊ ပြိုင်ပွဲမတိုင်မီကာလအတွင်း လေ့ကျင့်မည့် အစီအစဉ် (Training Program ) ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ပြည်ပနိုင်ငံများသို့ Test Match ပြိုင်ပွဲများနှင့် (JointTraining) သွားရောက်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ မျှော်မှန်း ဆုတံဆိပ်ရရှိနိုင်မှုအခြေအနေများ၊ စံချိန်ရှိအားကစားနည်းများ အနေဖြင့် လက်ရှိစံချိန်နှင့် SEA Games စံချိန်နှိုင်းယှဉ်ထားရှိမှုများ ၊ ပြိုင်ပွဲသုံးပစ္စည်းများ ဝယ်ယူခြင်းနှင့် သယ်ယူနိုင်ရေးကိစ္စရပ်များ ၊ Short List စာရင်းတွင် မပါဝင်သည့် အုပ်ချုပ်/နည်းပြ ၊အားကစားသမားများအား ဆက်လက်စခန်းသွင်း လေ့ကျင့်မည့် အခြေအနေကိစ္စရပ်များ အား တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။




