![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲပေါင်းစပ်ညှိနှိုင်းအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဧပြီ ၂၄
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး သည် ညွှန်ကြားရေးမှူး (ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-၁)ဦးသိန်းသန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏ လူငယ်အားကစားလေ့ကျင့်ရေးစခန်းအတွင်းရှိ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) သို့ ရောက်ရှိပြီး အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပပြုလုပ်နိုင်ရေးနှင့် ယခု ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို စနစ်တကျ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အဖက်ဖက်မှ လိုအပ်ချက်များ မရှိအောင် အသေးစိတ်ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရာတွင် တည်းခိုမည့် အားကစားသမားများ၏ အိပ်ဆောင်များနှင့် စားရိပ်သာ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများအား ကျွေးမွေးမည့် အစားအစာများ ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်စေပြီးအာဟာရပြည့်ဝစေရန်နှင့် ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွား စေရန် ဂရုစိုက်ချက်ပြုတ်ကျွေးမွေးစေရေး၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး အတွက် အိပ်ဆောင်များရှိ ပန်ကာများ၊ မီးပလက်ပေါက်များ၊ စားရိပ်သာ၌ချက်ပြုတ်ဆောင်ရွက်မှုများအား ဂရုစိုက်ကြရန်နှင့် ရေ၊ မီး၊ မိလ္လာကောင်းမွန်စေရေးတို့အား အားကစားကွင်း/အားကစားရုံရှိ တာဝန်ရှိသူတို့အား မှာကြားခဲ့သည်။
ထို့နောက်ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည်ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ သို့ရောက်ရှိပြီး ဒုတိယဝန်ကြီး ဦးညီညီ ဦးဆောင်၍ ၂၅.၄.၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၂၀)ကြိမ်မြောက်အရှေ့တောင် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကျင်းပမည့် အစည်းအဝေးခန်းမနှင့် တည်ခင်းဧည့်ခံမည့် စားသောက်ရေးဆိုင်ရာ ကိစ္စရပ်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရန်အတွက် ခုံနှင့် ပြိုင်ပွဲဝင်သုံးအားကစားပစ္စည်းများ စနစ်တကျထားရှိနိုင်ရေးနှင့် အချိန်မီ ရောက်ရှိစေရေး၊တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှပြိုင်ပွဲဝင် အားကစားသမားများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်သည့် လက်ဖက်ရည်ဝိုင်း ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် နေရာတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူတို့အား လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။


