![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခြင်းအခမ်းအနားကို ယနေ့ နေ့လယ် (၁၃ : ၀၀) နာရီအချိန်တွင် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲအလိုက် အရာထမ်း၊ အမှုထမ်းများ ၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ဆရာမများနှင့် အားကစားနည်းအလိုက် တာဝန်ခံများ စုစုပေါင်း (၁၆၇)ဦး တက်ရောက်ခဲ့ပါသည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအား ဌာနအကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များ ကို ထပ်ဆင့်အသိပေးပြောကြားသွားရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဝန်ထမ်းစည်းမျဉ်း /စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားစေလိုကြောင်း၊ ရာထူးတိုးမြှင့်ခန့်ထားရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဘုတ်အဖွဲ့ ဖွဲ့စည်းထားရှိပြီး သတ်မှတ်အရည်အချင်း ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပြဌာန်းချက်များနှင့်အညီ ရေးဖြေစာမေးပွဲများနှင့် လူတွေ့စစ်ဆေး အကဲဖြတ်ခြင်းများပြုလုပ်၍ ဆောင်ရွက်လျက်ရှိခြင်းကို သိရှိနားလည်ထားစေလိုကြောင်း၊ ဌာနနှင့် ပတ်သက်သည့်ကိစ္စရပ်များအား OnLine မီဒီယာပေါ်သို့တင်ခြင်းများ မပြုလုပ်စေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာများ၌ အိမ်ရာစည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာနေထိုင်ကြစေလိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ သင်တန်းသား/သင်တန်းသူများ အောင်မြင်မှုများရရှိအောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၂၅-၂၀၂၆ သင်တန်းကာလ ပြီးဆုံးပြီးနောက်နောက်တစ်နှစ်ဖွင့်လှစ်မည့်သင်တန်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု များပြုလုပ် ထားစေလို ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနခွဲအသီးသီးမှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး က ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး က ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများအချင်းချင်းတစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီး စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားစေလိုကြောင်းနှင့် မီးဘေးအန္တရာယ် ကင်းဝေစေရန် အထူးဂရုစိုက်ကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


