အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဌာနတွင်းပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်းများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာလ(၂၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနတွင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့အား တွေ့ဆုံအမှာစကားပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ရှိ၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဝန်ကြီဌာနအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို ပြန်လည်မှာကြားရန်အတွက် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားဖြင့် နိုင်ငံတကာအလယ်မှာ ဆုတံဆိပ်များစွာရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို အလေးပေးဆောင်ရွက် လာသည်ကို အားလုံးမြင်တွေ့နေကြရပြီဖြစ်ကြောင်း၊ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” နှင့် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် လူမှုရေးဦးတည်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ပြီ လူငယ်/လူရွယ်တိုင်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာမှတဆင့် ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်ရေးအတွက် ရည်မှန်းချက်ထား၍ ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ တွင် အားကစားကဏ္ဍကို ပိုမိုတိုးတက်လာစေရန်၊ မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်နှင့် လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး လုပ်ငန်းလိုအပ်ချက်အရ ယခုလိုပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းဖြစ်ကြောင်း၊ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ကြမည့်ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး အထက်အကြီးအကဲအား အကြံဉာဏ်ကောင်းများ ပေးနိုင်ပြီး အားကိုးအားထားပြုရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ပြုမူပြောဆိုနေထိုင်ကြရန်နှင့် အားကစားလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းက ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မိမိတာဝန်ကျရာဒေသတွင် ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် မိမိအဆင့်နှင့်လျော်ညီအောင် တွေးခေါ်ပြုမူပြောဆိုနေထိုင် သွားကြရန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက ပြောင်းရွှေ့မည့်နေရာဒေသတွင် စိတ်သစ်လူသစ်ဖြင့် မိမိဝန်ကြီးဌာနမှပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ပြီး မိမိအထက်အကြီးအကဲမှ အားကိုးအားထားရပြီး လုပ်ငန်းတာဝန်များကို ကြီးကြပ်ကွပ်ကဲမှုအနည်းဆုံးနှင့် လုပ်ငန်းများ ပိုမိုအောင်မြင်အောင် စွမ်းဆောင်နိုင်သည့်သူများဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန် မှာကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ထပ်မံဖြည့်စွက်မှာကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်းများ တက်ရောက်ခဲ့ ကြောင်းသိရသည်။