အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး “ B” Diploma Coaching Course (Part-2) ဘောလုံးနည်းပြသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ(၁၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ B” Diploma Coaching Course (Part-2) ဘောလုံးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ Multi-Purpose Hall ၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲများကျင်းပရာတွင် အထောက်အကူပြုစေရန်နှင့် ဘောလုံး “ B” လိုင်စင်နည်းပြကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းအားဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် နိုင်ငံ၏ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်ပူးပေါင်းပြီး အားကစားနည်းအလိုက်နည်းပြသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ “ B” Diploma Coaching Course (Part-1) ဘောလုံးနည်းပြသင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဘောလုံး “ B” လိုင်စင်နည်းပြသင်တန်းများကို ပထမဦးဆုံးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု နည်းပြဆရာများက AFC မှ ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်းများနှင့်အညီ ရေးဆွဲသင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့်ခေတ်နှင့်အညီ နည်းပြဆရာများ၏ အခန်းကဏ္ဍသည် ပိုမို အရေးပါလာပြီဖြစ်ကြောင်း၊ နည်းပြအရည်အချင်းများပြည့်ဝလာစေရန် “ D” လိုင်စင်၊ “ C” လိုင်စင်၊ “ B” လိုင်စင်၊ “ A” လိုင်စင်နှင့် “ Pro” လိုင်စင်များကို အဆင့်ဆင့် လေ့လာဆည်းပူးတက်ရောက်အောင်မြင်ပြီးမှသာ ပြိုင်ပွဲများတွင် နည်းပြများအဖြစ်လုပ်ခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ “ Pro” လိုင်စင်ရရှိမှသာ နိုင်ငံတကာပြိုင်ပွဲများနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် နည်းပြလုပ်ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင်လည်း အနိမ့်ဆုံး “ B” လိုင်စင်ရမှသာ နည်းပြချုပ်အနေဖြင့် လုပ်ခွင့်ပြုမည်ဟု သတ်မှတ်ထားပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ ရရှိသည့် အသိပညာ/အတတ်ပညာများကို မိမိတို့တာဝန်ကျရာ ပြည်နယ်/တိုင်းဒေသကြီးများတွင် လက်တွေ့ပြန်လည်အသုံးချသွားရန်လိုကြောင်း၊ ဘောလုံးအားကစားနည်း ပြန်လည်ရှင်သန်ဦးမော့လာစေရန်အတွက် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်များတွင် မျိုးဆက်သစ်ဘောလုံးအားကစားသမားများကို ရှာဖွေဖော်ထုတ်ပြီး ပျိုးထောင်ပေးသွားရန်လိုကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်လည်း နောင်ဖွင့်မည့်ဘောလုံးနည်းပြသင်တန်းများတွင် ဆက်လက်ကူညီသင်ကြားပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်းဆရာ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက သင်တန်းနည်းပြဆရာများ အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် သင်တန်းသားကိုယ်စားလှယ် (၂)ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

“ B” Diploma Coaching Course (Part-2) ဘောလုံးနည်းပြသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၁၀)ရက်နေ့မှ (၁၈)ရက်နေ့အထိ နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ Multi-Purpose Hall ၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာများက သင်တန်းသား/သင်တန်းသူ (၂၂)ဦးအား စာတွေ့/ လက်တွေ့သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။