![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက်
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် (၃၈)ဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နောက်ဆုံးအကြိမ်အုပ်ချုပ်မှုပိုင်းဆိုင်ရာပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအားကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ ၊ ဆွန်ခလာမြို့တွင်ရေကြီးမှုဖြစ်စဉ်ကြောင့် ဆွန်ခလာမြို့မှကျင်းပမည့် ပြိုင်ပွဲများကို ဘန်ကောက်မြို့သို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှ ဆွန်ခလာတွင် ယှဉ်ပြိုင်မည့် အားကစား(၈)နည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည်ဟု အကြမ်းဖျင်းသိရကြောင်း၊ အားကစားသမားများအနေဖြင့် ရွှေတံဆိပ်ဆုရရှိအောင် အစွမ်းကုန်ကြိုးစား ကြစေလို ကြောင်း၊ နိုင်ငံကူးလက်မှတ် စာအုပ်(Passport) များကိုလည်း သက်ဆိုင်ရာအဖွဲ့ချုပ်များမှ စနစ်တကျ သေချာထိန်းသိမ်းသွားစေလိုကြောင်း၊ အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဆင်းကဒ်များထုတ်ပေးထားပါကြောင်း၊ တာဝန်ခံများအနေဖြင့် အဆက်သွယ် မပြတ်စေရေးအတွက် အထူးဂရုစိုက်ရန်လိုကြောင်း၊ အားကစားနည်းအလိုက်ဆုရရှိမှု အခြေအနေများကိုလည်း သက်ဆိုင်ရာ အဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ပေးပို့သွားရန် လိုကြောင်း၊ အဓိက အားဖြင့် ဆွန်ခလာမြို့တွင် ရေကြီးမှု ဖြစ်စဉ်ကြောင့် အဆုတ်နှင့် ပတ်သက်သည့် ရောဂါမဖြစ်ပွား မကူးစက်ရန် အရေးကြီးသည့်အတွက်ကျန်းမာရေးအထူးဂရုစိုက်ပြီး နှာခေါင်းစည်း(Mask)များကိုလည်း ယူဆောင်သွားစေလိုကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲအခမ်း အနားတွင် သတ်မှတ် ထားသည့်ဝတ်စုံများကိုသာ ဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ အားကစားအဖွဲ့များအားလုံး အသွား/အလာ အနေအထိုင် ဂရုစိုက်ရန်နှင့် အဖွဲ့ချုပ်များအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ရွှေတံဆိပ်ဆု များရရှိအောင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဆေးဘက်ဆိုင်ရာဌာနစိတ် မှလည်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးများနှင့်အထူးသဖြင့် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ရရှိနိုင်မည့် အားကစားသမားများကို အမျိုးသမီးနှင့် ပတ်သက်သည့် ကျန်းမာရေးကိစ္စများ၊ ဆေးစစ်ချက် များ ပြုလုပ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေး တင်ပြရာတွင် အုပ်ချုပ်သူနည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ နေထိုင် စားသောက်ရေး နှင့်ပတ်သက်၍ အထူးဂရုစိုက်ပေးရန်လိုကြောင်း၊ ကျန်းမာရေးဖြစ်စေမည့် အစားသောက်များကို ယူဆောင်သွားစေလိုကြောင်း၊ အဖွဲ့ချုပ်၏ ပြိုင်ပွဲအနိုင်အရှုံးများကို Viber Group မှ တင်ပြစေ လိုကြောင်း၊ အားကစားသုံးပစ္စည်းများ၊ သက်ဆိုင်ရာအထောက်အကူပြုပစ္စည်းလည်း မကျန်စေရန်နှင့် အရေးကြီးသည့်အရာများ မကျန်ခဲ့အောင် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ဝိုင်းဝန်းကြီးကြပ် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်သက်ဆိုင်ရာမြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများ၊ သွားလာရေးကိစ္စရပ်များ၊ တည်းခိုနေထိုင် စားသောက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီး တင်ပြဆွေးနွေးခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ် သို့ရောက်ရှိပြီး ပြိုင်ပွဲနေရာပြောင်းရွှေ့ခြင်းကိစ္စများ၊ သွားလာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများနှင့် စပ်လျဉ်း၍ လိုအပ်သည်များမှာကြားခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်သည့် ထောက်ပံ့ကြေး ကိစ္စ၊ ခြေတုကိစ္စ၊ စားစရိတ်ကိစ္စ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုများ၊ တည်းခိုနေထိုင်ရေးနှင့် သယ်ယူ ပို့ဆောင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့သည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် သုဝဏ္ဏရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံသို့ သွားရောက်၍ အားကစားသမားများ၏ လေ့ကျင့်နေမှုများအားကြည့်ရှုအားပေးခဲ့ပြီး မျှော်မှန်းထား သည့်အတိုင်းရွှေတံဆိပ်ဆုရရှိအောင် အစွမ်းကုန်ကြိုးစားကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်ကြ ရန်လိုကြောင်းမှာကြားခဲ့ပြီးနောက် Transformer ပေါက်၍ မီးလိုင်းကြိုးပြတ်သွားသည့်အတွက် ရေ/မီးရရှိစေရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။





