![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၂၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ပြေးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ပြီး ကြံ့ခိုင်မှုရှိစေရေးအတွက် အဓိကထားဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင်လည်း သတ်မှတ်ချက်နှင့်ကိုက်ညီပြီး သတ်မှတ်စံချိန်/စံညွှန်းများ၊ အရည်အသွေး ပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုတည်ဆောက်ပေးသွားရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ တည်ဆောက်ပြီးစီးနိုင်စေရေးအတွက် အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြား ခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဥတ္တရခရိုင်ရှိ ဥတ္တရသီရိမြို့နယ် အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် အလေးထားဆောင်ရွက်၍ စိစစ်ကြပ်မတ်စစ်ဆေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


