အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold camp)၌ ဦးစီး ဌာန(ရုံးချုပ်) ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် လုပ်ငန်းများ မြန်မြန်ဆန်ဆန် ပြီးမြောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ သင်တန်းသားရွေးချယ်မှု၊ လေ့ကျင့်မှုနှင့် ပညာသင်ကြားမှုကိစ္စရပ်များ၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို အချိန်မီ ဖြည့်ဆည်းထာက်ပံ့ပေးနိုင်ရေး အသေးစိတ် တွက်ချက်တင်ပြ ဆောင်ရွက် သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် မျိုးဆက်သစ်အားကစားသမား မွေးထုတ်ပေးနိုင်မှုအခြေအနေများ၊ တည်ဆောက်ရေး ပိုင်းဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်ပြီး အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး၊ လာမည့် ဒီဇင်ဘာလတွင် သိပ္ပံကျောင်းများ အားကစားပြိုင်ပွဲရှိသည့်အတွက် ကျောင်းဖွင့်ရက်အမီ အစီအစဉ်များ စနစ်တကျ ရေးဆွဲပြီး လိုအပ်သည်များကို အချိန်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် တင်ပြချက်များအပေါ် လိုအပ်သည်များကို ပြည်ထောင်စုဝန်ကြီးထံ ဆက်လက်လမ်းညွှန်မှုခံယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။