အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး စလင်းအားကစားကွင်းနှင့် အမျိုးသားရေကူးကန်တို့အားကြည့်ရှုစစ်ဆေး

ရန်ကုန် ၊ ဧပြီ ၄

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်း အားကစားကွင်းသို့ ရောက်ရှိ၍ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ပြီး ပွဲကြည့်စင်တာဝန်ယူဆောက်လုပ်မည့် ရှမ်းယူနိုက်တက်ကုမ္ပဏီမှ တာဝန်ရှိသူများအား အဆောက်အဦ ကြံ့ခိုင်မှုရှိပြီး ရေရှည်တည်တံ့ကောင်းမွန်စေရေး ၊ မူလပုံစံမပြောင်းလဲစေဘဲ ပိုမို ကောင်းမွန်အောင် ဆောက်လုပ်ပေးနိုင်စေရေး၊ အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်တည်ဆောက်ပေးနိုင်စေရေး၊ ဆောက်လုပ်မည့် လုပ်ငန်းပရောဂျက်များနှင့် သတ်မှတ်ရက်အလိုက် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ်တင်ပြပေးသွားရန်လိုကြောင်း၊ ဘောလုံးကွင်း စိမ်းလန်းစိုပြေစေရေးနှင့် အမြဲတမ်း သန့်ရှင်းသာယာလှပစေရေးအတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်၍ စနစ်တကျ တာဝန်ပေး ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား အ‌သေးစိတ်မှာကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့သွားရောက်ခဲ့ရာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ကြိုဆိုခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရေကူးကန်၊ ပွဲကြည့်စင်၊ ရေစင်တည်ဆောက်ထားရှိမှု၊ ကလေးရေကူးကန်နှင့် အမျိုးသား ရေကူးကန်၏ ရေသန့်စင်သည့်အခန်းအတွင်းရှိ စက်ခန်းနံရံများ၊ ရေသန့်စင်စနစ် Filter ထားရှိ မှုများ၊ Filter ပိုက်လိုင်းများ ရေဝင်ရေထွက်ကောင်းမွန်မှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကူးကန်အား ရေရှည်တည်တံ့စေရေး၊ ရေကြည်ရေသန့်စင်မှုရှိစေရေးနှင့် ရေကူးကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အထူးဂရုစိုက်၍ ပုံမှန် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကူးအားကစားနည်း တိုးတက်အောင်မြင်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေးတို့အတွက် ဝိုင်းဝန်း၍ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။