![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။
ဦးစွာ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)ရွတ်ဆိုရန်အတွက် ဌာနခွဲများအနက်မှ ဌာနခွဲ (၃)ခုအား မဲနှိုက်၍ ရွေးချယ်ခဲ့ရာ စီမံကိန်းနှင့်သုတေသနဌာနခွဲ၊ စီမံဘဏ္ဍာဌာနခွဲနှင့် အားကစားဆေးဘက်ဌာနခွဲတို့မှ ကိုယ်စားပြု ဝန်ထမ်းတစ်ဦးစီတို့က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)အား ရွတ်ဆိုခဲ့ပြီးနောက် အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမင်းဦးက “ ရာသီတုပ်ကွေးနှင့် နီးပါးရ်ဗိုင်းရပ်ရောဂါ သတိပြုကာကွယ်ပါ” ဆိုသည့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ဌာနခွဲများမှ ဝန်ထမ်းများက ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ မိသားစုအခက်အခဲများနှင့် ပတ်သက်ပြီး တင်ပြခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)အား အမှားအယွင်းမရှိဘဲ မှန်မှန်ကန်ကန်ဖြင့် အကောင်းဆုံး ရွတ်ဆိုနိုင်ခဲ့သည့် ဌာနခွဲ(၃)ခုတို့မှ ကိုယ်စားပြုဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ပေးအပ် ထားသည့် လုပ်ငန်းတာဝန်များကို ကျရာအခန်းကဏ္ဍမှနေ၍ ကျေပွန်အောင် ထမ်းဆောင်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားရန်လိုကြောင်း၊ မိမိနေထိုင်သည့် တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိအနေဖြင့်လည်း ဝန်ထမ်းများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးသွားမည်ဖြစ်၍ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




