အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်) ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

ရန်ကုန် ၊ ဖေဖော်ဝါရီလ (၁၄)ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်)ရှိဝန်ထမ်းများ တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနခွဲအလိုက် အရာထမ်း၊ အမှုထမ်းများ၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေး ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ များနှင့် အားကစားနည်းအလိုက်တာဝန်ခံများ၊ စုစုပေါင်း (၂၃၉) ဦး တက်ရောက်ခဲ့ပါသည်။

ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး က လမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊စည်းကမ်းများနှင့်အညီ လိုက်နာ၍ ဌာန၏သတ်မှတ်ဝတ်စုံများကို ဝတ်ဆင်ကြရန်၊ လာမည့် (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ ယခုထက်ပိုမိုအောင်မြင်အောင်၊ စံချိန်စံညွှန်းကောင်းမွန်သည့် ထူးချွန် ထက်မြက်တဲ့ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်၊ နိုင်ငံအလိုက်တွင် မြန်မာနိုင်ငံ အနေဖြင့် အဆင့်(၇)ထက်၊ အောက်သို့ကျမသွားအောင် ကြိုးစားဆောင်ရွက်ရန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံးစည်းကမ်းရှိရှိ၊ တာဝန် သိသိ၊ သစ္စာရှိရှိ ၊ လုံ့လဝီရိယစိုက်ထုတ်ကာ စုပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာသောဌာနခွဲအသီးသီးမှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး မှ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းမှ လုံခြုံရေးအတွက် ဝန်ထမ်းအိမ်ရာများတွင် ဧည့်စာရင်းကို ဂရုစိုက်တိုင်းကြားရန်၊ နွေရာသီရောက်လာသဖြင့် မီးကိုအထူးဂရုစိုက်ကြရန်နှင့် ဦးစီးအရာရှိနှင့် အောက်ခြေအထိ ဝန်ထမ်းများအတွက် ရိုးမရိပ်သာတန်းဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရောင်းချပေးမည်ဖြစ်၍ လျှောက်ထားနိုင်ပါကြောင်းပြောကြားသွားပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီးနောက် လုံခြုံရေးဌာနစိတ်မှ ပင်စင်ယူသွားသော ဝန်ထမ်းအားထောက်ပံ့ငွေ ကျပ်(၁၀၀၀၀၀) နှင့် Grade(12) ကျောင်းသူ/ကျောင်းသားများ အောင်ချက်မြင့်မားစေရန် အင်အားဖြည့် စားသုံးနိင်ရန် အတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြား‌ရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးတို့က ငွေကျပ်(၅၅၀၀၀၀/-)တိတိတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြား၍ ဝန်ထမ်းများအား သက်သာထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရှိရသည်။