အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာနရှိ လစ်လပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများအား နေရာချထားပေးနိုင်ရေးအတွက် အိမ်ရာကော်မတီအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

အားကစားနှင့်ကာယပညာဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လစ်လပ် ဝန်ထမ်းအိမ်ရာများ၌ ဝန်ထမ်းများအား နေရာချထားပေးနိုင်ရေးအတွက် အိမ်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှန်ဆောင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အိမ်ရာအစည်းအဝေးသည် ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများ စည်းကမ်းစနစ်တကျရှိစေရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများသည် စည်းမျဉ်း/ စည်းကမ်းနှင့်အညီ နေထိုင်မှုမရှိခြင်း၊ စည်းကမ်းလိုက်နာမှု အားနည်းခြင်းများကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများတို့မှ ကျောင်းအုပ်ကြီးများအား အိမ်ရာဆပ်ကော်မတီနှင့် ပတ်သက်ပြီး ဖွဲ့စည်းသည့် အမိန့်များကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အိမ်ရာဆပ်ကော်မတီများမှ အမှန်တကယ်အိမ်ရာတွင် နေထိုင်မှု ရှိ/မရှိကို ဘုတ်အဖွဲ့ဖြင့်စိစစ်ပြီး ပြန်လည်ကြပ်မတ်ဆောင်ရွက်ပေးသွားစေလိုကြောင်း၊ အိမ်ရာဆပ်ကော်မတီဖွဲ့စည်းမှုများကို ဇန်နဝါရီ ၁၉ ရက်နေ့အရောက် ပြန်လည် တင်ပြပြီး ပြည်ထောင်စုဝန်ကြီးထံ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြရာတွင် အိမ်ရာ/အဆောင်စည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ အိမ်ရာစည်းကမ်းချက်နှင့်မူဝါဒတို့အား ပြင်ဆင်ဖြည့်စွက်၍ အတည်ပြုနိုင်ပါရန် ညွှန်ကြားရေးမှူးချုပ်သို့ တင်ပြပြီး ဝန်ကြီးရုံးသို့ဆက်လက်တင်ပြ၍ လမ်းညွှန်မှုခံယူသွားမည်ဖြစ်ကြောင်း ၊ စည်းကမ်းသတ်မှတ်ချက်များအား အတည်ပြုချက်ရရှိပါက သက်ဆိုင်ရာတာဝန်ခံများမှ အိမ်ရာနေထိုင်သူ ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်း၍ စည်းကမ်းလိုက်နာရန်နှင့် လိုက်နာမှုမရှိပါက အိမ်ရာချထားခြင်းမှ ပယ်ဖျက်၍ စည်းမျဉ်း/ စည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များမှ ဝန်ထမ်းအိမ်ရာနှင့် ပတ်သက်သည့်တွေ့ရှိချက်များ ၊ ဖြစ်ပေါ်နေသောကိစ္စရပ်များ ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ၊ အိမ်ရာသန့်ရှင်းသာယာလှပစေရေးကိစ္စရပ်များ၊ ရေ/မီး ၊ မိလ္လာများနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။