![]()
အားကစားနှင့်ကာယပညာဦးစီးဌာန(ရန်ကုန်)ဝန်ထမ်းမိသားစုများ၏ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ
ရန်ကုန် ၊ အောက်တိုဘာ ၂၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်အားအမှူးထား၍ အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်)ဝန်ထမ်းမိသားစုများ၏ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ် ဒက္ခိဏာရုံကျောင်းတိုက်၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်ဇနီး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း ၊ အမှုထမ်း ဝန်ထမ်းများက ဒက္ခိဏာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့ကို အရုဏ်ဆွမ်းနှင့် ခဲဖွယ်၊ ဘောဇဥ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် နမောတဿ(၃)ကြိမ်ရွတ်ဆို၍ မြတ်စွာဘုရားရှင်အား ရည်မှန်းကန်တော့ပြီး ဒက္ခိဏာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အရှင်သူမြတ်ထံမှ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူပြီးနောက် ဒက္ခိဏာရုံကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် အရှင်သူမြတ်ထံမှ သာဓု အနုမောဓနာ တရားများနာယူမှတ်သားပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ရေစက်သွန်းချ အမျှပေးဝေးပြီး ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ဝန်ထမ်းမိသားစုများ၏ ကထိန်အလှူပွဲကြီးအား အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။


