အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြား‌ရေးမှူးချုပ်ဦးကျော်ဦး (၃၄)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန် အားကစားနည်းအလိုက် စခန်းဝင်လေ့ကျင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ နှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ မေ ၁၂

(၃၄)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှု ရရှိစေရန် အားကစားနည်းအလိုက် စခန်းဝင်လေ့ကျင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ နှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ်ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့၏လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ပြီး ရှင်းလင်းတင်ပြလိုပါကြောင်း၊ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာလအတွင်း မလေးရှား နိုင်ငံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဦးစားပေးအဆင့် အလိုက် အားကစားနည်း ၃၁ နည်း စခန်းဝင်ရောက် နိုင်ရန်လျာထား သတ်မှတ်ထားပါကြောင်း၊ နိုင်ငံတော်အစီအစဉ်ဖြင့် စခန်းသွင်းလေ့ကျင့်မည့် အားကစားနည်းများနှင့် အဖွဲ့ချုပ်အစီအစဉ်ဖြင့် စခန်းသွင်းလေ့ကျင့်မည့် အားကစားနည်းများအဖြစ် သတ်မှတ်ထားပါကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များတွင် အားကစားနည်းများအား စခန်းဝင် လေ့ကျင့်နိုင်ရေး လျာထားဆောင်ရွက်ထားပါကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် စခန်းဝင် လေ့ကျင့်မည့်နေရာနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ သတ်မှတ်လျာထားပေးထားသည့်နေရာ၌ စခန်းဝင်လေ့ကျင့်ရန်နှင့် အားကစားကွင်း/အားကစားရုံ အခြေအနေအရ မဖြစ်မနေရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့်ရမည့် အားကစားနည်းများမှလွဲ၍ အားကစားနည်းအားလုံးနီးပါးသည် နေပြည်တော်၌သာ ဦးစားပေးစခန်းသွင်းလေ့ကျင့်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးနှင့် ပတ်သက်၍ အားကစား အဖွဲ့ချုပ်များမှ တင်ပြရမည့် အချက်အလက်များအား ဆွေးနွေး တင်ပြသွားစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) နှင့် (၂) တို့မှ ညွှန်ကြားရေးမှူးများက (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန် စခန်းဝင်လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများ၌ ပထမရရှိခဲ့သည့်အသင်းများအား ပဏမလက်ရွေးစင်၊ လက်ရွေးစင် အသင်းကြီးတို့နှင့် လက်ရည်စမ်းယှဉ်ပြိုင်ကစားသည့်ပြိုင်ပွဲများအား အဖွဲ့ချုပ်များမှ ဆောင်ရွက် ပေးသွားစေလိုကြောင်း၊ ပြည်ပပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက်blacklist စစ်ရာတွင် အဆင်ပြေချောမွေ့စွာဖြင့် အချိန်မီရရှိနိုင်ရန် အဖွဲ့ချုပ်များမှ လိုအပ်သည့်အချက်အလက်များ အားကြိုတင်ပေးပို့ကြစေလိုကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် အမှန်တကယ် စခန်းသွင်း လေ့ကျင့်နိုင်မည့် အားကစားသမားများကိုသာစိစစ်ရွေးချယ်ပြီး အမည်စာရင်းများပေးပို့၍ ခွင့်ပြုချက် တောင်းခံကြစေလိုကြောင်းတင်ပြဆွေးနွေးပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က စခန်းဝင်လေ့ကျင့်မည့် နေ့ရက်၊ တည်းခိုနေထိုင်မည့်နေရာ၊ လေ့ကျင့်မည့်နေရာ ၊ စားသောက်မှုအစီအစဉ် ၊ လူရွေးချယ်မည့်အစီအစဉ်အဆင့်ဆင့်၊ လျာထား လေ့ကျင့်မည့် Event များ၊ Event အလိုက်စခန်းဝင် လေ့ကျင့်မည့် အုပ်ချုပ်/နည်းပြ၊ ကစားသမားများ၏ လျာထားအင်အားများ ၊ နိုင်ငံခြားနည်းပြ ငှားရမ်းလေ့ကျင့်မည့် အခြေအနေ၊ Joint Training သွားရောက်လေ့ကျင့်မည့် အစီအစဉ်များ၊ ပြည်ပပြိုင်ပွဲသွားရောက်မည့်အစီအစဉ်များ၊ ဆုတံဆိပ် ရရှိနိုင်မည့် Event အလိုက် စခန်းဝင် လေ့ကျင့်မည့် အခြေအနေတို့အား တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန် စခန်းဝင်လေ့ကျင့်ရေးဆိုင်ရာကိစ္စများ၊ အောင်မြင်မှုရရှိစေရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များအပေါ် လိုအပ်ချက်များအား အသေးစိတ်ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် နိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် အားလုံးပူးပေါင်းကူညီကြိုးစားဆောင်ရွက်ပေးကြပါရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။