![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) မှ အားကစားသမားများ၏လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အုပ်ချုပ်သူ/နည်းပြများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးသည့်အစည်းအဝေးကျင်းပ
နေပြည်တော်၊ မေလ ၇
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) တာဝန်ခံ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးတင်မောင်မောင်စိုး၊ ဒေါ်ခင်မေဌေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) ၌ စခန်းသွင်း အားကစားနည်း ၁၁ နည်းအနက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်း ၁၀ နည်းမှ လူငယ်အားကစားသမားများနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ Grade-12 ဖြေဆိုပြီး၍ အရည်အချင်းပြည့်မီသည့်အတွက် (Youth Camp) ၌စခန်းဝင်လေ့ကျင့်ရန် ရောက်ရှိ လာသည့် အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် နေပြည်တော် Gold Camp ရှိ Gym လေ့ကျင့်ရေးခန်းမတွင် ပြေးခုန်ပစ်အားကစားနည်းမှ လမ်းလျှောက်၊ အခုန်၊ အပစ်နှင့်တာတို အားကစားသမား များ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ မြားပစ်လေ့ကျင့်ရေးရုံ၌ မြားပစ် အားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ ပီတန်းအားကစားသမားများ၏ လေ့ကျင့် နေမှုအားလည်းကောင်း၊ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ ပိုက်ကျော်ခြင်း အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအားတွေ့ဆုံ၍ မိမိတို့သက်ဆိုင်ရာ အားကစားနည်းများအလိုက် ယခင်ရရှိထား သည့် စံချိန်၊ စံညွှန်းများ၊ ရမှတ်များထက် ပိုမိုကောင်းမွန်အောင် ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း၊ နေထိုင်၊ သွားလာ၊ စားသောက်မှုများနှင့် လေ့ကျင့်မှုများတွင် အုပ်ချုပ်သူ/နည်းပြများ၏ သင်ကြား ပေးမှုအတိုင်း စနစ်တကျလိုက်နာလေ့ကျင့်သွားကြရန်လိုကြောင်း မှာကြားခဲ့ပြီးနောက် အားကစားသမားများ၏ လေ့ကျင့်ရေးအထောက်အကူပစ္စည်းလိုအပ်ချက်များနှင့် အခက်အခဲတင်ပြခဲ့မှုများအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်အရ အားကစားနှင့်ကာယပညာသိပ္ပံကျောင်များမှ Grade-12 ဖြေဆိုပြီး၍ အရည်အချင်းပြည့်မီသည့်အတွက် (Youth Camp) ၌စခန်းဝင်လေ့ကျင့်ရန် ရောက်ရှိလာသည့် အားကစားသမားများအား ရက်ပေါင်း(၄၀)ထိ စောင့်ကြည့်ဆန်းစစ်မနေဘဲ အမှန်တကယ် အရည်အချင်းရှိသည့် အားကစားသမားများကို စခန်းဝင်ဆန်းစစ်ခြင်းနှင့် အားကစားနည်း စစ်ဆေးမှုများပြုလုပ်ပြီး စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် စိစစ်ရွေးချယ်၍ အရည်အချင်းပြည့်မီခြင်း မရှိသော အားကစားသမားများကို ပြန်လည်အင်အားလျှော့နိုင်ရေးအတွက် အမည်စာရင်းပြန်လည် တင်ပြဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ Youth Camp အဖွဲ့အနေဖြင့် နောင်လာမည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ အုပ်ချုပ်သူ/နည်းပြများ အနေဖြင့် အားကစားလေ့ကျင့်ရေးဇုန်အတွင်း အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်းများကို လုံးဝမပြုလုပ်ကြရန်နှင့် မိမိအားကစားသမားများ အတုယူအားကျရသူများဖြစ်အောင် ပြုမူ၊ ပြောဆိုနေထိုင်သွားရန်လိုကြောင်း၊ အားကစားနည်းအလိုက် Training Programme များကို စနစ်တကျ ရေးဆွဲ၍ လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ မိမိအားကစားသမားများ၏ နေ့စဉ်လေ့ကျင့်နေမှု များကို မှတ်တမ်းပြုလုပ်ထားရှိပြီး စံချိန်၊ စံညွှန်းများ၊ ရမှတ်များ ပိုမိုကောင်းမွန်အောင်လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ မိမိအားကစားသမား များအား နေထိုင်စားသောက်လေ့ကျင့်မှုများနှင့်ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်း များအတိုင်းလိုက်နာအောင် စိစစ်ကြပ်မတ်သွားရန်လိုကြောင်း၊ အားကစားနည်းအလိုက် လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်း လိုအပ်ချက်များကို စာရင်းဇယားပြုစု၍ တင်ပြပေးသွားရန်နှင့် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် အထက်အကြီးအကဲများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်အားကစားသမားများမှတဆင့် မြန်မာ့လက်ရွေးစင်အားကစားသများကို အထောက်အကူ ပြုနိုင်သည့် လက်ရွေးစင်အားကစားသမားကောင်းများဖြစ်အောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်လာကြသည့် အုပ်ချုပ်သူ/နည်းပြများနှင့် Youth Camp တာဝန်ခံညွှန်ကြားရေးမှူးများက အားကစားနည်းအလိုက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ၏ အခြေအနေများ၊ အားကစားလေ့ကျင့်နေမှုများ၊ နေထိုင်စားသောက်မှု၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေးခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


