အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကျင်းပ
နေပြည်တော်၊ ဇူလိုင်လ ၂၄ ။
မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီအနေဖြင့် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်စေရန်နှင့် အားကစားဆိုင်ရာသုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၃)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို ၂၀-၂-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ သုတေသနစာကြည့်တိုက်အတွက် E-Library အား ထားရှိဆောင်ရွက်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ သုတေသန ကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်ရေး ဘုတ်အဖွဲ့ (IRB)ကို အဖွဲ့ဝင် (၁၂)ဦးဖြင့် ထပ်မံဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ယခင်ပြုလုပ်ခဲ့သည့် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက် (၈)ခုအနက်မှ (၆)ခုကို ဆောင်ရွက်ထားပြီဖြစ်ကြောင်း၊ ဌာနတွင်း သုတေသနသင်တန်းများဖွင့်လှစ်ရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အားကစားဆေးဘက်ဌာနခွဲမှ သင်တန်း(၁)ကြိမ် ပို့ချဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာ(သိပ္ပံ) ကျောင်းများနှင့် B.Sc(Sports) သင်ကြားမှုများ အကျိုးရှိစေရေး Survey ပြုလုပ်ရန်နှင့် အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲတွင် အားကစားသုတေသနများ ဆောင်ရွက်ရန်အတွက် သုတေသနကို စိတ်ဝင်စားသည့် သုတေသနဒီပလိုမာ(သို့မဟုတ်) သုတေသနဘွဲ့ရရှိထားသူများကို ဦးစီးဌာနမှ ခေါ်ယူထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်က ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအခြေအနေများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံ ပြုတင်ပြခဲ့ကြပြီး အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက In-Person ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)တို့မှ တာဝန်ရှိသူများက Video Conferencing ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။




