အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၀)ရက်။

မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီအနေဖြင့် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်စေရန်နှင့် အားကစားဆိုင်ရာသုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်)၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဦးစွာ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သုတေသနလုပ်ငန်းသည် အရေးကြီးသည့်အတွက် အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲအနေဖြင့် အားကစားဆေးဘက်ဌာနခွဲနှင့်ပေါင်းစပ်၍ အားကစားသုတေသနလုပ်ငန်းများကို ပီပီပြင်ပြင် ဆောင်ရွက်သွားရန် ဒုတိယဝန်ကြီးက လမ်းညွှန်မှာကြားထားပါကြောင်း၊ အားကစားသုတေသနလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်ဆရာဝန်များပါဝင်သည့် အားကစားသုတေသန ဖွံ့ဖြိုးရေးအကြံပေးအဖွဲ့နှင့် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ အားကစားသုတေသနကျင့်ဝတ်ကော်မတီနှင့် အဖွဲ့အစည်းဆိုင်ရာသုံးသပ်ရေးဘုတ်အဖွဲ့များကို ဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ အားကစားသုတေသနဖွံ့ဖြိုးရေးအကြံပေးအဖွဲ့နှင့် အဖွဲ့ အစည်းဆိုင်ရာသုံးသပ်ရေးဘုတ်အဖွဲ့၏သဘောတူညီချက်ဖြင့် အားကစားသုတေသနလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အားကစားသုတေသနလုပ်ငန်းများ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အားကစားနှင့်သက်ဆိုင်သည့်နယ်ပယ်အသီးသီးတွင် ဖြစ်ပေါ် နေသောအကြောင်းအရာကိစ္စရပ်များကို အားကစားစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသုတေသနလုပ်ငန်းအဖြစ် အားသာချက်/အားနည်းချက်များကို စဉ်ဆက်မပြတ်စစ်တမ်းကောက်ယူပြီး သုတေသနပြုဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အားကစားပြိုင်ပွဲများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု၊ အားကစားနည်းအလိုက် နည်းပြ၊ အားကစားသမားများ၏ အရည်အချင်း၊ အားကစားပစ္စည်းထောက်ပံ့မှု၊ ဆုတံဆိပ်ရရှိမှုများနှင့်စပ်လျဉ်းပြီး တစ်နှစ်လျှင် နှစ်ကြိမ် စစ်တမ်းကောက်ယူပြီး သုတေသနပြုနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်က ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအခြေအနေများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက In-Person ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တို့မှ တာဝန်ရှိသူများက Video Conferencing ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။