အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၂၁)။

အာဆီယံနှင့် နိုင်ငံတကာအစည်းအဝေးများ၊ စကားဝိုင်းများနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများအတွက် ယခုလို အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၅)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ တက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများမှလည်း စိတ်ပါဝင်စားစွာ နားထောင်၍ အားလုံးအတွက် အကျိုးရှိမည့် အပြုသဘောဆောင်သည့် မေးခွန်းများကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့၏ဦးစီးဌာနသည် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးနေသည့် ဌာနဖြစ်သည်နှင့်အညီ ဌာနရှိဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ထမ်းများမှလည်း ကြိုးစားသင်ယူကြစေလိုပါကြောင်း၊ မိမိတို့၏ လူငယ်ရေးရာဦးစီးဌာနသည် ပညာဖြင့်အသက်မွေးဝမ်းကြောင်းပြုရသည့်ဌာနဖြစ်သည့်အတွက် အစဉ်လေ့လာသင်ယူနေဖို့ အထူးလိုအပ်ပါကြောင်း၊ လူငယ်တွေအနေနဲ့ မိုဘိုင်းဖုန်း (၁)လုံးရှိရုံနဲ့ ကမ္ဘာပတ်လေ့လာနိုင်ပြီဖြစ်ရာ အကျိုးရှိစွာအသုံးချတတ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြား Scholarship ပညာသင်ဆုများကိုလည်း လျှောက်ထားကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အချိန်ကိုတန်ဖိုးရှိရှိအသုံးပြုပြီး မိမိနှင့်မိမိဌာန တိုးတက်အောင် ရှေ့ဆက်ဆောင်ရွက်သွားစေလို ကြောင်းနဲ့ မိမိတို့ရောက်ရှိတဲ့ ဌာနခွဲအလိုက် လုပ်ဆောင်ရမည့် အလုပ်တာဝန်တွေကို ကြိုးကြိုးစားစား တန်ဖိုးထားဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ “အာဆီယံဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ လူငယ်စကားဝိုင်း” နှင့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များဆိုင်ရာ လူငယ်တွေ့ဆုံဖလှယ်ပွဲ” သို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်(၂)ဦးက ၎င်းတို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအား မျှဝေရှင်းလင်း တင်ပြခဲ့ပြီးနောက် တက်ရောက်လာတဲ့ ဝန်ထမ်းများက သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးပြီး အခမ်းအနားကို မွန်းလွဲ(၂:၄၅) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။