အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများ၊ သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများ သို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်(၃)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ(၉)။

အာဆီယံနှင့် နိုင်ငံတကာအစည်းအဝေးများ၊ စကားဝိုင်းများနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်းများအတွက် ယခုလိုအတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၇)ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း အတွေ့

အကြုံဗဟုသုတများ အထိုက်အလျောက် ရရှိလိမ့် မည်ဟုမျှော်လင့်မိပါကြောင်း၊ မိမိတို့ဦးစီးဌာနသည် အစဉ်လေ့လာသင်ယူနေရန် လိုအပ်လျက်ရှိသည့် ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် စိတ်ပါဝင်စားစွာ နားထောင်၍ မှတ်သားကြရန် လိုအပ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မတူညီသည့် ခေါင်းစဉ်များနှင့် ဆွေးနွေးတင်ပြမှုအပေါ် အကြံပြုချက်အတွေ့အကြုံများကို သိရှိမှတ်သားပြီး နောက်ထပ်သွားရောက်မည့်သူများအနေဖြင့် အတွေ့အကြုံများရယူထားကြရန် လိုအပ်ပါကြောင်းနှင့် ဌာနအတွက် ပြန်လည်အသုံးချနိုင်ပြီး အကျိုးရှိစေမည့် ပြည်ပခရီးစဉ်များကို အလှည့်ကျစေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် “၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော်နှင့် ကမ္ဘာလုံးဆိုင်ရာဒေသတွင်းလူငယ်ပွဲတော် အစီအစဉ်” ၊ “Regional Project Identifiction Training”သင်တန်း နှင့် “အာဆီယံစေတနာ့ဝန်ထမ်းအစီအစဉ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးတင်ပြသည့် အစည်းအဝေး” သို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်(၃)ဦးတို့က ၎င်းတို့သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအား မျှဝေရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက် လာကြသည့် အရာထမ်း/အမှုထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား မွန်းလွဲ (၁၅:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။