အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံ/နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများ၊ သင်တန်းများနှင့်‌ တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်(၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်းအခမ်းအနား ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၁၇)။

အာဆီယံနှင့်နိုင်ငံတကာအစည်းအဝေးများ၊ စကားဝိုင်းပွဲများနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အစီအစဉ်(၄/၂၀၂၃) အခမ်းအနားကို ယနေ့မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲ(၄)ခုတို့မှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာ၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း လူငယ်နှင့်စာပေအနုပညာပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် အာဆီယံနှင့်နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းပွဲများနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းမျှဝေခြင်းအစီအစဉ်မှာ (၄)ကြိမ်မြောက်ရှိပြီဖြစ်ပြီး ယခု ကဲ့သို့ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်ပါကြောင်း၊ နိုင်ငံခြားခရီးစဉ်များ သွားရောက်မည့်သူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံဗဟုသုတများကို သေချာလေ့လာမှတ်သား ထားပြီး မိမိတို့ဌာနအတွက် အကျိုးရှိစွာ ပြန်လည်အသုံးချစေနိုင်မည့် သုံးသပ်ချက်များ၊ အကြံပြုချက် များ၊ ဆောင်ရန်/ရှောင်ရန်တို့အား သေချာမှတ်သား၍ နောင်သွားရောက်မည့်သူများအတွက် အထောက်အကူပြုနိုင်ရေး ပြန်လည်မျှဝေပေးနိုင်ရန်လိုကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေးအတွက် လက်ရှိသင်တန်းများဖွင့်လှစ်ပေးလျက်ရှိပြီး စဉ်ဆက်မပြတ်ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသွားရန် ရွေးချယ်စေလွှတ်ခြင်းခံရသည့်သူကိုယ်တိုင် အနည်းဆုံး အခြေခံအင်္ဂလိပ်စာ အရည်အချင်းရှိမှသာ အဆင်ပြေချောမွေ့စွာပြောဆိုဆက်သွယ်နိုင်မည် ဖြစ်ကြောင်း၊ နောင်တွင် ဝန်ထမ်းများအား ဌာနတွင်းမဟုတ်ပဲ အင်္ဂလိပ်အရည်အချင်းစစ်ဆေးမှုကို Naypyitaw State Academy တွင် အရည်အချင်းစစ်ဆေးဖြေဆိုခိုင်းမည်ဖြစ်ပြီး ရရှိလာသည့် ရလဒ်အပေါ်မူတည်၍ သင့်တော်သလို တွဲဖက်၍ နိုင်ငံခြားခရီးစဉ်များသို့ ရွေးချယ် စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း နှင့် လူငယ်ရေးရာဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲများ၊ စကားဝိုင်းများ၊ အစည်းအဝေးများတွင် မိမိတို့ကိုယ်ပိုင် အရည်အချင်းဖြင့် ဦးဆောင်ဟောပြောနိုင်သည့် စံပြပုဂ္ဂိုလ်ဖြစ်နေစေ‌ရေး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ “မသန်စွမ်းသူများအားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ၂၀၂၅ အလွန် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံဆွေးနွေးပွဲနှင့် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အာဆီယံ-အမေရိကန် စကားဝိုင်း” နှင့် “ခေါင်းဆောင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” သို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်(၂)ဦးက ၎င်းတို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအား မျှဝေရှင်းလင်း တင်ပြခဲ့ပြီး နောက် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် လက်ရှိလူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံခြားခရီးစဉ်ကို တစ်ချိန်ချိန် သွားရောက်ခဲ့ရမည်ဆိုပါက မိမိတို့ဘက်မှ ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုင်ငံတကာမှာ အသုံးပြုနေသည့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်တိုးတက်အောင်လည်း ပြင်ဆင်ထားရန်လိုပါကြောင်း၊ သို့မှသာ သွားရောက်မည့် နိုင်ငံသို့ရောက်ရှိသည့်အခါ မိမိအနေဖြင့် အများနည်းတူ ရင်ဘောင်တန်း ပြောဆိုနိုင်မှာ ဖြစ်တဲ့အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း၊ လာမည့်နှစ်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(မွမ်းမံ)သင်တန်းတွင် leadership နှင့်ပတ်သက်သော ဘာသာရပ်တစ်ခုကိုပါ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ကာလရှည် နိုင်ငံခြားပညာတော်သင် Scholarship (မဟာဘွဲ့)များကိုလည်း ဝင်ရောက်ဖြေဆိုကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ(၁၆:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။