အာဆီယံ/နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၁)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ (၆)။
အာဆီယံ/နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်(၁)ဦး၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့မွန်းလွှဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာန စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကစပြီး ယနေ့အချိန်ထိ နိုင်ငံခြားခရီးစဉ်(၉)ခု၊ စုစုပေါင်း လူငယ်ကိုယ်စားလှယ်(၂၆)ဦးနဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ ကာလတို ပညာတော်သင် ကိုယ်စားလှယ်(၁)ဦး စေလွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် Virtual စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံ/နိုင်ငံတကာအဆင့်ဆွေးနွေးပွဲနှင့်စကားဝိုင်း စုစုပေါင်း(၂၆)ခုကိုလည်း ပါဝင် တက်ရောက်ခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ထပ်မံ၍ အာဆီယံ/နိုင်ငံတကာသို့ လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများကို အလှည့်ကျစေလွှတ်သွားမည်ဖြစ်ပါသဖြင့် မိမိတို့အနေဖြင့် အသင့်ဖြစ်နေစေရေး ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွှန့်က မိမိတို့လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်များတွင် ဥက္ကဋ္ဌအဖြစ် အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများကို ကျင်းပသည့် အချိန်တွင် အာဆီယံနှင့်ပတ်သက်သည့် Protocol များ၊ ဝါစဉ်များနှင့် ပတ်သက်၍ သိရှိနားလည်စေရန် မိမိ၏အတွေ့အကြုံများနှင့် ဗဟုသုတများအား မျှဝေရှင်းလင်းခဲ့ပြီး ဝန်ထမ်းများအနေဖြင့် ပထမဦးစွာ စိတ်ဓါတ်နှင့်စည်းကမ်း ကောင်းမွန်ရမည်ဖြစ်ပြီး စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်နိုင်ရန် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် နောက်ထပ်နိုင်ငံခြားအစီအစဉ်များ သွားရောက်ရာတွင် မိမိကိုယ်ကျိုးသက်သက်အတွက်မဟုတ်ပဲ မိမိတို့နိုင်ငံနှင့်ဌာန အကျိုးရှိစေရေး အတွက်လည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် ဌာနခွဲ(၄)ခုရှိ ဝန်ထမ်းများအချင်းချင်း ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ “ပထမအကြိမ် အာဆီယံဒေသအတွင်း သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်စွမ်းများ မြှင့်တင်ရေးဆွေးနွေးပွဲနှင့် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာမူဝါဒရေးဆွဲရေး စကားဝိုင်း” သို့ တက်ရောက်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေရည်သက်ထား က ၎င်းသွားရောက်ခဲ့သည့်ခရီးစဉ်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအား မျှဝေရှင်းလင်းတင်ပြခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လက်ရှိလူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံခြားခရီးစဉ်ကို တစ်ချိန်ချိန် သွားရောက်ခဲ့ရမည်ဆိုပါက မိမိတို့ဘက်မှ ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုင်ငံတကာမှာ အသုံးပြုနေသည့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်တိုးတက်အောင်လည်း ပြင်ဆင်ထားရန်လိုပါကြောင်းနှင့် သို့မှသာ သွားရောက်မည့် နိုင်ငံသို့ရောက်ရှိသည့်အခါ မိမိအနေဖြင့် အများနည်းတူ ရင်ဘောင်တန်းပြောဆိုနိုင်မှာဖြစ်တဲ့အတွက် အထူးကြိုးစား ကြစေလိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ(၁၆:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


