အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများနှင့်‌ တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ (၂)။

အာဆီယံနှင့်နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့လူငယ်ရေးရာဦးစီးဌာနသည် ဌာနသစ်ဖြစ်ပြီး တည်ဆောက်ဆဲကာလ ဖြစ်သည့်အတွက် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည်အလွန်အရေးကြီးပြီး အထူးကြိုးစား ကြရန်တိုက်တွန်းလိုပါကြောင်း၊ ဝန်ထမ်းလူငယ်များအနေဖြင့် မိမိတို့ရဲ့အရည် အချင်းများကို မြှင့်တင်နိုင်ရေး စဉ်ဆက်မပြတ် လေ့လာကြိုးပမ်း အားထုတ်စေလိုပါကြောင်း၊ နေ့စဉ်လုပ်ငန်းခွင်၌ လိုအပ်သော အသိပညာ၊ အတတ်ပညာများကို ကြိုးစားလေ့လာသင်ယူရန် လိုအပ်သလို မိမိတို့ရဲ့စိတ်ဓာတ် ခံယူချက်များကောင်းမွန်စေရေး မိမိတစ်ဦးတစ်ယောက် အကျိုး အတွက်မဟုတ်ပဲ မိမိဌာန၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကျိုးပြုနိုင်စေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် မိမိတို့၏ ပညာဝမ်းစာပြည့်အောင်စဉ်ဆက်မပြတ် လေ့လာမှတ်သား ရမည်ဖြစ်ပါကြောင်း သို့မှသာ မိမိရဲ့ Personal Brand Image ကိုကောင်းအောင် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်းဟု တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ “အာဆီယံဒေသအတွင်း လူငယ်များအကြား ဆေးရွက်ကြီးသုံးစွဲမှုအပေါ် ဒစ်ဂျစ်တယ်မီဒီယာမှတဆင့် အသိပညာပေးဆောင်ရွက်မှုအစီအစဉ်” နှင့် “အာဆီယံဘာသာ ပေါင်းစုံ လူငယ်များ တွေ့ဆုံပွဲ၂၀၂၃” သို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်(၂)ဦးက ၎င်းတို့သွားရောက်ခဲ့ သည့်ခရီးစဉ်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအား မျှဝေရှင်းလင်းတင်ပြခဲ့ပြီးနောက် လူငယ် ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် လက်ရှိ လူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံခြားခရီးစဉ်ကို တစ်ချိန်ချိန် သွားရောက်ခဲ့ရမည်ဆိုပါက မိမိတို့ဘက်မှ ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုင်ငံတကာမှာ အသုံးပြုနေသည့် အင်္ဂလိပ်ဘာသာ စကား စွမ်းရည်တိုးတက်အောင်လည်း ပြင်ဆင် ထားရန်လိုပါကြောင်းနှင့် သို့မှသာ သွားရောက်မည့် နိုင်ငံသို့ရောက်ရှိသည့်အခါ မိမိအနေဖြင့် အများ နည်းတူ ရင်ဘောင်တန်းပြောဆိုနိုင်မှာဖြစ်တဲ့အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း၊ ဝန်ထမ်းများ အတွက် Presentation Skills သင်တန်းနှင့် ASEAN and Awareness Raising သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ(၁၆:၀၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။