အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR)၏ ဒေသအဆင့်ဆွေးနွေးပွဲသို့ Virtual စနစ်ဖြင့်တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ(၅)။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ထိုင်းနိုင်ငံ၊ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (Thailand, AICHR)တို့က ကြီးမှူးကျင်းပသည့် “၂၀၂၅ ခုနှစ် Enabling Master Plan ၏ တိုးတက်မှုဆိုင်ရာအခြေအနေနှင့် နှစ်လယ်သုံးသပ်ချက်များနှင့် စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights-AICHR)၏ ဒေသအဆင့်ဆွေးနွေးပွဲ” ဒုတိယနေ့အစီအစဉ်အား မြန်မာစံတော်ချိန် ယနေ့နံနက် (၀၈:၃၀)အချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ လက်ရှိဥက္ကဋ္ဌ (SOMY Chair)အဖြစ် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဒေသအဆင့်ဆွေးနွေးပွဲ ဒုတိယနေ့တွင် ၂၀၂၅ ခုနှစ်၊ Enabling Master Plan ကို အကောင်အထည်ဖော်ရာတွင် ရရှိခဲ့သည့် အခွင့်အလမ်းများ၊ တွေ့ကြုံခဲ့သည့် စိန်ခေါ်မှုများနှင့် ကျင့်သုံးဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၁)ခုချင်းစီအလိုက် အုပ်စု(၃)စုဖွဲ့၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိုယ်စားလှယ်များမှ အုပ်စု(၃) (အာဆီယံလူမှုရေး- ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် (ASCC)) တွင် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ Enabling Master Plan နှင့် ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တက်ရောက်လာသည့်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် မြန်မာစံတော်ချိန် မွန်းလွဲ(၁၄:၃၀)အချိန်တွင် ဆွေးနွေးပွဲအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။