အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီ၊ အမျိုးသမီးငယ်ရွယ်များနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၁၈
အမျိုးသမီးငယ်ရွယ်များလုပ်ငန်းကော်မတီ၊ အမျိုးသမီးငယ်ရွယ်များနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။
ဦးစွာ အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၂၃-၂၀၃၂)ပါ လုပ်ငန်းကော်မတီ(၁၂)ရပ်အနက် အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီ ကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးအဆင့်ရှိ တာဝန်ရှိသူကော်မတီဝင် (၂၂)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးငယ်ရွယ်များ၏ လုံခြုံရေး၊ ဘဝမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များကို ကာကွယ်စောင့်ရှောက်ပေးရန်၊ တုံ့ပြန်ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ပြန်လည်ထူထောင် ပေးရန်တို့အတွက် ရည်ရွယ်၍ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက်ရေးနှင့် ကျား/မရေးရာ တန်းတူညီမျှရေးတို့ကို ကဏ္ဍစုံ စွမ်းဆောင်ရည် မြင့်မားစေရန်၊ အမျိုးသမီးငယ်ရွယ်များအချင်းချင်း အပြန်အလှန် လေးစားမြတ်နိုးတတ်စေရန်၊ ကိုယ်ကျင့်သိက္ခာတန်ဖိုးများကို ထိန်းသိမ်းတတ်စေရန်၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုကို အထောက်အကူပြုစေရန်တို့အတွက် ရည်ရွယ်၍ ယခုလို အသိပညာပေးဟောပြောပွဲ အခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးငယ်ရွယ်များ၊ မသန်စွမ်းအမျိုးသမီးငယ်ရွယ်များ၊ တိုင်းရင်းသားအမျိုးသမီးငယ်ရွယ်များအတွက် ပညာသင်ကြားခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်မှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ လူမှုဖူလုံရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့်အကြမ်းဖက်ခံရမှုများကို အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်လျက်ရှိပြီး အမျိုးသမီးငယ်ရွယ်များအနေဖြင့်လည်း မိမိကိုယ်မိမိ ယုံကြည်မှုများမြှင့်တင်ပြီး ခေါင်းဆောင်မှုစွမ်းရည်များကို မြှင့်တင်ခြင်း၊ သက်တူရွယ်တူ အချင်းချင်း နှစ်သိမ့်ဆွေးနွေးခြင်း၊ အားပေးကူညီ ဦးဆောင်ပါဝင်လာစေခြင်းနှင့် လူထုအခြေပြု လှုပ်ရှားမှုများကို ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏ အနာဂတ်များဖြစ်သည့်အတွက် မှန်ကန်သည့် အတွေးအခေါ်၊ ဉာဏ်ပညာဗဟုသုတ၊ ဆင်ခြင်တုံ တရားပြည့်ဝမှသာ မိမိတို့၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး လူမှုအသိုက်အဝန်းနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသမီးငယ်ရွယ်လူငယ်များအနေဖြင့် စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သည့် ပတ်ဝန်းကျင်တွင် လှုပ်ရှားဆောင်ရွက်ကြပြီး ဘက်စုံထူးချွန်ထက်မြက်သည့် အတတ်ပညာရှင်၊ အသိပညာရှင်များအဖြစ် ပေါ်ထွက်လာစေရေးနှင့် ပြည်သူကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန် တာဝန်ရှိသူများက မျက်ခြေမပြတ် ပြုစုပျိုးထောင်ပေးလျက်ရှိသည့်အတွက် လူငယ်လူရွယ်များအနေဖြင့် ယခုအသိပညာပေးဟောပြောပွဲမှတဆင့် ရရှိ ခဲ့သည့် အတွေ့အကြုံကောင်းများကို လေ့လာမှတ်သားပြီး နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်ခြင်းဖြင့် အနာဂတ်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်း ကို ဖန်တီးပုံဖော်ရာတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်နိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အသိပညာပေးဟောပြောမည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုဝေလင်းတို့ကို အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက အမျိုးသမီးငယ်ရွယ်များနှင့် လူငယ်များအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ၊ မေးခွန်းမေးမြန်းခြင်းများနှင့် ဆုလက်ဆောင်ချီးမြှင့်ခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ပြီး အခမ်းအနား အား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။




