အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
နေပြည်တော် ၊ နိုဝင်ဘာ ၁၅
အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့သည့် မြန်မာ့ ရေကူးအားကစားအဆင့်အတန်း ယခုထက်ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အပြည်ပြည် ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီစဉ်ဖြင့် ဖွင့်လှစ်သည့် ရေကူးနည်းပြ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။
ဦးစွာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ Multipurpose Hall ၌ ဖွင့်လှစ်ခဲ့သည့်ရေကူးနည်းပြသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ ၂၉ ဦးတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့သည့် ကမ္ဘာ့ရေကူးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသော နည်းစနစ်ကျွမ်းကျင်သူ အမေရိကန်နိုင်ငံမှ Mr. Buddhi Manoj Abeysinghe အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးအပ်သည့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး သင်တန်းသားများကိုယ်စား သင်တန်း သား၂ ဦးအား မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် သင်တန်းနည်းပြဆရာ Mr. Buddhi Manoj Abeysinghe တို့က သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။



