![]()
သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသူ လူငယ်လူရွယ်များအတွက် စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးခြင်း အသိပညာပေးဟောပြောပွဲကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၃၀
သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသူ လူငယ်လူရွယ်များအတွက် စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။
ဦးစွာ အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှု များပြားလာသည်ကို တွေ့မြင်နေရကြောင်း၊ ငလျင်ဘေး၊ ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့သည့်အခါလူ့အသက်၊ အိုးအိမ်အဆောက်အဦများသာမက စိတ်ဓာတ်၊ လူမှုဆက်ဆံရေးအပေါ်တွင် ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်လာတတ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများအနေဖြင့် စိတ်ဒဏ်ရာများ၊ မျှော်လင့်ချက်ဆုံးရှုံးမှုများစွာ ခံစားရနိုင်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အခက်အခဲ များကြားတွင် လူငယ်များသည် မျှော်လင့်ချက်မဆုံးရှုံးဘဲ ပြန်လည်ထူထနိုင်ရန် အရေးကြီးသော အခန်းကဏ္ဍ သည် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုများဖြစ်ပါကြောင်း၊ ယခုဟောပြောပွဲတွင် သဘာဝ ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများ၏အတွင်းစိတ်ကို နားလည်နိုင်စေရန် အတူတကွ ကျန်းမာဖွံ့ဖြိုးမှု အတွက် လိုအပ်သည့် အသိပညာများပေးပြီး နှစ်သိမ့်ဆွေးနွေးပေးနိုင်ရန်အတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ယခုလို အသိပညာပေး ဟောပြောပွဲများကို ကျင်းပဆောင်ရွက် ပေးရခြင်းဖြစ်ပါကြောင်း၊ ယခု အသိပညာပေးဆွေးနွေးပွဲတွင်ရရှိသည့် စိတ်၊ လူမှုဆက်ဆံရေး ပညာရပ်များကို တန်ဖိုးထားပြီး မိမိနှင့် အခြားသူများအကြား နားလည်မှု၊ အပြန်အလှန် ဖေးမကူညီမှုများဖြင့် ပေါင်းစည်းနိုင်ခြင်းသည် လူမှုဘဝပြန်လည်ထူထောင်ရေးတွင် အရေးပါဆုံးအချက်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ခံစားရ သည့်အခါ တစ်ယောက်ထဲမနေဘဲ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအဝန်းနှင့် စုစည်းနေခြင်းသည် စိတ်ကျန်းမာရေးအတွက် အခြေခံအင်အားဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြရသည့်အခါ မိမိကိုယ်/ စိတ်စောင့်ရှောက်နည်း၊ လူမှုဆက်ဆံရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်နည်း များကို သိရှိနိုင်စေရန် ရည်ရွယ်သည့်အတွက် တက်ရောက်လာသူများအနေဖြင့်ရရှိခဲ့သည့် အသိပညာများကို မိမိဘဝနှင့် မိမိအသိုင်းအဝန်းအတွက် အကျိုးရှိအောင် ပြန်လည်အသုံးချနိုင်ရန် မျှော်လင့်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပိုမိုကောင်းမွန်ပြည့်စုံသည့် လူမှုဖွံ့ဖြိုးမှု ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေရန်အတွက် အစိုးရတစ်ရပ်လုံးသာမက အဖွဲ့အစည်းအားလုံးက ကိုယ်စီ ကိုယ်စီ အခန်းကဏ္ဍ အသီးသီးတွင် စွမ်းအားပြည့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၂၃-၂၀၃၂)ပါ လုပ်ငန်း ကော်မတီ(၁၂)ရပ်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် အမျိုးသမီးငယ်ရွယ်လုပ်ငန်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အမျိုးသမီးငယ်ရွယ်များအတွက် လုံခြုံရေး၊ ဘဝမြှင့်တင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ကာကွယ်စောင့်ရှောက်ပေးပြီး တုံ့ပြန်ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ပြန်လည်ထူထောင် ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့်လည်း လူငယ်များ၏ စွမ်းဆောင်နိုင်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ လူမှုအဖွဲ့အစည်း စိတ်ဓာတ်အားကောင်းစွာဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေး ခံစားနေရသူများအတွက် စိတ်လူမှုရေးပံ့ပိုးမှု၊ အသက်မွေးမှုတက်လမ်းများ ဖန်တီးပေးခြင်းဖြင့် လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် အသိပညာတိုးမြှင့်စေရန် မိမိနှင့် တစ်ပါးသူများအတွက် အရေးကြုံ လျှင် တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်များထားရှိရန်လိုကြောင်း၊ သဘာဝဘေး ခံစားနေရသော်လည်း စိတ်ပိုင်း ဆိုင်ရာ အကူအညီ၊ လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှု၊ မိသားစုနှင့် လူမှုအသိုင်းအဝိုင်းပူးပေါင်းပြီး သံသယစိတ် လျော့ချခြင်းများဖြင့် တဖြည်းဖြည်း ပြန်လည်တက်ကြွလာနိုင်ကြောင်း၊ ယခုအခမ်းအနားတွင် ရရှိသည့် အသိပညာ၊ စိတ်ခွန်အားများကို မိမိဘဝနှင့် အသိုင်းအဝန်းအတွက် အသုံးချ၍ လူငယ်များ၏ အင်အားဖြင့် စိတ်ဓာတ်ခိုင်မာ ညီညွတ်စည်းလုံးသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်ဖြတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အသိပညာပေးဟောပြောမည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူတို့ကို အမျိုးသမီးငယ်ရွယ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြသီတာ၊ ဦးစီးအရာရှိများဖြစ်ကြသည့် ဒေါ်ခင်နှင်းထက်နှင့် ဒေါ်တင်နီလာဝင်းတို့က သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသူ လူငယ်လူရွယ်များအတွက် စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ၊ မေးခွန်းမေးမြန်းခြင်းများ ကိုပြုလုပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။





