![]()
ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇွန် ၁၂
အားကစားရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ကြီးမှူးကျင်းပမည့် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့်ဘော်လီဘော အားကစားပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်းရှိ အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်ချက်ဖြင့် ဝန်ကြီးဌာန များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပိုမိုရရှိလာစေရေးနှင့် မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မား လာစေရေးတို့အတွက် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပူးပေါင်း ၍ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ အားကစားပြက္ခဒိန်ပါအတိုင်း ပြိုင်ပွဲများကျင်းပရေးပိုင်း၊ ပြိုင်ပွဲကျင်းပမည့်ကုန်ကျ စရိတ်ပိုင်း၊ စခန်းသွင်းလေ့ကျင့်မှုပိုင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းပိုင်းများ၊ ပြိုင်ပွဲယှဉ်ပြိုင်ရေးပိုင်း ဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးအကြံပြုပေးသွားရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲဖြစ်၍ ပြိုင်ပွဲယှဉ်ပြိုင်မှု ပြင်းထန်စေလိုသည့်အတွက် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် ကန့်သတ်ချက် များအပေါ် ပြန်လည်ဖြည့်စွက်ပေးစေလိုသည့်အချက်များနှင့် ပြိုင်ပွဲအနိုင်/အရှုံးအား ဆုံးဖြတ်ရာတွင် ဒိုင်လူကြီးများအနေဖြင့် သမာသမတ်ရှိစွာဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်ရေး အတွက် အဖွဲ့ချုပ်မှတာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁)မှ ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်က ဒိုင်လူကြီးတာဝန်ထမ်းဆောင်မည့်အမည်စာရင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား အမည်စာရင်းနှင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ပြီး အချိန်မီပေးပို့ ပေးသွားရန်ဆွေးနွေးတင်ပြခဲ့ပြီးနောက် အစည်းအဝေးတက်ရောက်လာကြသည့် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ပြိုင်ပွဲကုန်ကျစရိတ်၊ စည်းမျဉ်း/စည်းကမ်း၊ ဆုချီးမြှင့်ခြင်းများနှင့် ပြိုင်ပွဲ အမျိုးအစားများအား အသီးသီး ဆွေးနွေးတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်၍ အဖွဲ့ချုပ်များမှတာဝန်ရှိသူများကလည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ပူးပေါင်း ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


