အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၇ ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် ဒုတိယအချက်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အား ကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” အချက်အား အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များအား ကုန်ထုတ်လုပ်မှုအတတ်ပညာတစ်ခုကို တတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ပြန်လည်မျှဝေခြင်းဖြင့် ကုန်ထုတ်လုပ်မှုအတတ်ပညာတစ်ခု ပြန့်ပွားတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပေါ်ပေါက်လာစေရန်၊ ဒေသတွင်း လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ကာ အခြေခံလူတန်းစား များအတွက် ဆင်းရဲနွမ်းပါးမှု လျော့ကျလာစေရန်နှင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ (MSME) အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း လာမှုကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ခေါင်းလျှော်ရည်၊ Hand Gel၊ အိမ်သုံးဆပ်ပြာမျိုးစုံ၊ ဆပ်ပြာရည် မျိုးစုံ ပြုလုပ်နည်းများကို သင်ကြားတတ်မြောက်ခြင်းကြောင့် အိုးမကွာ အိမ်မကွာ အရင်းအနှီး နည်းနည်းဖြင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအားလုံး စည်းလုံး ညီညွတ်စွာဖြင့် မိမိအဖွဲ့အစည်း၊ မိမိဒေသ၊ မိမိရပ်ရွာတိုးတက်ဖွံ့ဖြိုးစေရန် သင်ကြားခဲ့သည့် ပညာရပ်များကိုအခြေခံပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်၍ အတွေ့အကြုံများ ရယူပြီး ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင် ကြိုးစားပြီး ကျရာကဏ္ဍတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းနည်းပြဆရာ ၂ ဦးတို့အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိခဲ့သူများကို နေပြည်တော်၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးဥက္ကဋ္ဌ ဗိုလ်မှူးကြီး ယုလွင်(ငြိမ်း)နှင့် လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်တို့ကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထုတ်ကုန်ပစ္စည်း များကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေးနှင့် ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်တို့ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။