အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစီအစဉ်အရ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မသန်စွမ်းလူငယ်များအတွက် အခွင့်အရေးကာကွယ်ရေး၊ ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်နိုင်စေရေးနှင့် မသန်စွမ်းသူများ ပါဝင်မှုအပေါ်ပိုမိုလေးနက်စွာနားလည်ပြီး အသိအမှတ်ပြုနိုင်ရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲအနေဖြင့်လည်း မသန်စွမ်းသူ လူငယ်များ အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များနှင့် ပတ်သက်ပြီး လူသုံးကုန်ထုတ်လုပ်မှု သင်တန်းများအပြင် အခြားလက်မှုအတတ်ပညာများနှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ ပေးသင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်ပေးနိုင်ရေးစီစဉ် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချပေးသည့်ပညာရပ်များဖြင့် မသန်စွမ်းလူငယ်များ အမှန်တကယ်လက်တွေ့ အသုံးချနိုင်စေရန်နှင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ ရရှိသည့် အသိပညာအတတ်ပညာများကို ကြိုးစားသင်ယူပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီနိုင်မည်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က သင်တန်းနည်းပြဆရာမ(၂)ဦးအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီးနောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းအောင်မြင်စွာဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းကူညီပေးခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်က သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့်တာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် မသန်စွမ်းသူများအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။