လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံတကာခေါင်းဆောင်မှုတက္ကသိုလ်မှ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့တို့၏ ပညာရေးဆိုင်ရာအကျိုးပြု အစီအစဉ်များ ဆွေးနွေးခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ(၂၇)။
လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံတကာခေါင်းဆောင်မှု တက္ကသိုလ်မှ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့တို့၏ ပညာရေးဆိုင်ရာအကျိုးပြု အစီအစဉ်များ ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲ(၄)ခုတို့မှတာဝန်ခံ အရာရှိများ တက်ရောက်ခဲ့ပါသည်။
ဦးစွာ International Leadership University (ILU)မှ ဥက္ကဋ္ဌ၊ ပါမောက္ခနှင့် အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနပေါ်ပေါက်လာပုံများ၊ ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေ၊ ယခုလက်ရှိ ဆောင်ရွက် နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြီး (ILU)နှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး International Leadership University ပါမောက္ခချုပ် Dr. Richard Dare က ပညာရေးဆိုင်ရာ အကျိုးပြုအစီအစဉ်များအား Power Point ဖြင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် International Leadership University ဥက္ကဋ္ဌ ဒေါ်မေဖူးပွင့်စိုးက (ILU)၏ မူဝါဒနှင့် ပညာရေးဆိုင်ရာ အကျိုးပြုအစီအစဉ်များအား ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း ပြောကြားပြီးနောက် အခမ်းအနားအား နေ့လယ် (၁၂:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။


