အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ‎

နေပြည်တော်၊ မတ် ၁၃‎

‎ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန် ဦးမျိုးကျာ်သူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ‎ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် တက်ရာက်ခဲ့သည့် Speaker နှင့် လူငယ်ကိုယ်စားလှယ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အသက် ၃၅ နှစ်အောက် ဝန်ထမ်းလူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။‎

‎ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများ သိရှိနိုင်ရန် ထပ်ဆင့်ရှင်းလင်းပြောကြားသည့် အခမ်းအနားဖြစ်ကြောင်း၊ ၎င်းဖိုရမ်တွင် ပါရဂူဘွဲ့ (၅)ဦး၊ ဘွဲ့ကြိုဘွဲ့ (၂၁၆)ဦး၊ ဘွဲ့လွန်ဘွဲ့ (၅၈)ဦး၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ (၁၆)ဦး၊ ဒီပလိုမာနှင့် အခြားသင်တန်းသား (၂၅)ဦး၊ စုစုပေါင်း(၃၂၀)ဦး လူငယ်ကိုယ်စားလှယ်များ၊ အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလူငယ် ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားထားသူများ စုစုပေါင်းအင်အား (၁၀၃၄)ဦး တက်ရောက် ခဲ့ကြကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားများကို တိုင်း‌ဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို “ ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ငြိမ်းချမ်းရေးတွင် ထဲထဲဝင်ဝင် ပါဝင်လာစေရန်၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် လူငယ်များ၏ ဆောင်ရွက် ချက်များ အရေးကြီးမှုကိုပေါ်လွင်စေရန်၊ ငြိမ်းချမ်းသည့် အသိုက်အဝန်းများတွင် အထောက်အပံ့ ဖြစ်စေရန်နှင့် ရွေးကောက်ပွဲအလွန်ကာလများတွင် လူငယ်များ၏ လက်တွေ့ကျသည့် အခန်း ကဏ္ဍကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ချက်များနှင့် ကျင်းပပေးခြင်းဖြစ်၍ အနာဂတ်လူငယ်များ အတွက် များစွာအကျိုးဖြစ်ထွန်းစေမည့် ဖိုရမ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအရ လူငယ်များအနေဖြင့် မှန်ကန်သည့်အတွေးအမြင်၊ ခံစားချက်၊ ယုံကြည်ချက်၊ ခံယူချက်များသည် နိုင်ငံတော်အတွက် အဓိက လိုအပ်ချက်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရယူနိုင်ရေးအတွက် အရေးပါသည့် စွမ်းအားများဖြစ်ကြောင်း၊ လူငယ်များ၏ တက်ကြွသည့်စိတ်၊ သင်ကြားထားသည့်အတတ်ပညာ၊ လူကြီးများ၏ အတွေ့အကြုံများနှင့် နိုင်ငံတော်၏ ပံ့ပိုးကူညီမှုများကို ပေါင်းစပ်ပြီး ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်၏ အဓိက အရေးကြီးဆုံးမှာ လူငယ်ကွန်ယက်ဖွဲ့စည်းခြင်း၊ ချိတ်ဆက်ခြင်း၊ ကွန်ယက်အလိုက် စီမံချက်၊ အဆိုပြုချက်၊ တင်ပြဆွေးနွေးချက်များ‌ ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒေသအလိုက် လူငယ်ကွန်ရက် များကို ဖွဲ့စည်းနိုင်ရန် လူငယ်များ၏ ပေါင်းစည်းအားများကို ပိုမိုအားကောင်းလာစေပြီး လူငယ်များ၏ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို မွေးမြူပေးနိုင်စေရန် ပထမ ရည်ရွယ်ချက်ဖြစ်ပြီး ကဏ္ဍပေါင်းစုံမှ လူငယ်များစုစည်းပြီး ကွန်ရက်များချိတ်ဆက်ခြင်းဖြင့် အလားအလာကောင်းများကို ဖန်တီးနိုင်စေပြီး အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်စေရေး တွန်းအားပေးနိုင်ရန်နှင့် လူငယ်များ အချင်းချင်း အတွေ့အကြုံဗဟုသုတ၊ သဘောထားအမြင်များကို အပြန်အလှန်မျှဝေဖလှယ်ပြီး ၂၁ ရာစု၏ အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းကောင်းများ တစ်စုတစ်စည်းတည်း ဖော်ထုတ်စေနိုင်မည်ဖြစ်၍ လူငယ်များအတွက် အခွင့်အလမ်းများသာမက သက်ဆိုင်ရာဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ဖန်တီး ပေးနိုင်မည့် လုပ်ငန်းစဉ်များနှင့် လူငယ်များအချင်းချင်း သတင်းအချက်အလက်များကို အပြန်အလှန် မျှဝေနိုင်ခဲ့ကြသည့်အတွက် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆”သည် လူငယ်များနှင့်နိုင်ငံတော်အတွက် များစွာအကျိုးရှိသည့် ဖိုရမ်တစ်ခု ဖြစ်ကြောင်းပြောကြားခဲ့သည်။‎

ဆက်လက်ပြီး အစီအစဉ်အရ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် Speaker အဖြစ် တက်ရာက်ခဲ့ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာက အားကစားနှင့်ငြိမ်းချမ်းရေး ချိတ်ဆက်နိုင်မှုအကြောင်းကိုလည်းကောင်း၊ လူငယ်ကိုယ်စားလှယ်များ အဖြစ်တက်ရောက်ခဲ့ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်သက်စုဝေဖြိုးက အားကစား၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးမှ ငြိမ်းချမ်းရေးဆီသို့အကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်မြတ်ကိုကိုက လူငယ်ငြိမ်းချမ်းရေးဖိုရမ် အတွေ့အကြုံများနှင့် ငြိမ်းချမ်းရေးသည် အသင်းအဖွဲ့အလိုက် စုပေါင်းဆောင်ရွက်ရသည့် ကဏ္ဍတစ်ခုဖြစ်၍ ငြိမ်းချမ်းရေးကို အားကစားဖြင့် တည်ဆောက်ခြင်းအကြောင်းကိုလည်း‌ကောင်း၊ လူငယ်ရေးရာ ဦးစီးဌာနမှ ဒုတိယဦးစီမှူး ဒေါ်ဟယ်လီစိုးက ဒေသအလိုက် ကိုက်ညီသည့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ငြိမ်းချမ်းရေးဆီသို့အကြောင်းကိုလည်း ကောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မေဘရဏီညွန့်က ဘက်မလိုက်သည့် သတင်းအမှန် ပြန်ကြားခြင်းဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဆီသို့ အကြောင်းကိုလည်းကောင်း ဖိုရမ်တွင် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည့် အတွေ့အကြုံများကို အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေးတို့က လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် ဝန်ထမ်းလူငယ်ကိုယ်စားလှယ်များက အုပ်စုဖွဲ့ ဆွေးနွေးခြင်းများနှင့် ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များအပါ်အကြံပြုချက်များကို အဖွဲ့လိုက် ပြန်လည်တင်ပြဆွေးနွေးခဲ့ကြ ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။