အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လုပ်ငန်းခွင်သုံး အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ (၂၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀:၀၀)အချိန်တွင် လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းခွင်သုံးအခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် ဌာနတွင်းရှိဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်ရေး၊ လူငယ်ရေးရာဦးစီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်နေသည့် အာဆီယံ/ နိုင်ငံတကာလူငယ်ရေးရာကိစ္စရပ်များနှင့် အာဆီယံလူငယ်ဆိုင်ရာအစည်းအဝေးများကို အထောက်အကူပြုနိုင်ရေးနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း အခြေခံအင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်စေရန် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အင်္ဂလိပ်စာ ဘာသာပြန်သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်သည့် နိုင်ငံခြားပညာတော်သင်များ၊ အာဆီယံလူငယ်အစီအစဉ်များအား လူငယ်များရင်းနှီးစွာ ထိတွေ့ဆက်ဆံနိုင်စေရေး၊ လူငယ်များအကျိုးပိုမို ဆောင်ရွက်နိုင်စေရေး အခွင့်အလမ်းဖော်ဆောင်ပေးလျက်ရှိခြင်း၊ အဆိုပါခရီးစဉ်များအတွင်း နိုင်ငံတကာလူငယ်များနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံသင်ယူနိုင်ရန် အင်္ဂလိပ်စာသည် အဓိကကျသည့်အတွက် အင်္ဂလိပ်စာအား စဉ်ဆက်မပြတ်လေ့လာသင်ယူကြရန်လိုအပ်ပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ၏ လိုအပ်သော စွမ်းရည်များ ဖြည့်ဆည်းပေးရေးနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေး သင်တန်းများဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ထမ်းများမှလည်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ရန် တာဝန်ရှိ၊ တာဝန်သိရန်လိုအပ်ပါကြောင်းနှင့် ကြိုးကြိုးစားစား လေ့လာသင်ယူရင်း အောင်မြင်ဖွံ့ဖြိုးသော လူငယ်ရေးရာဦးစီးဌာန အားလုံး ဝိုင်းဝန်း၍ ဖန်တီးပုံဖော်ကြရန် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

လုပ်ငန်းခွင်သုံးအခြေခံအင်္ဂလိပ်စာသင်တန်းကို လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ရုံးချိန်အတွင်း သင်တန်းသား/ သင်တန်းသူ (၂၃)ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ဌာနခွဲများမှအရာထမ်းများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။