အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း(၁၀)နှစ်ပြည့်နှင့် သတ္တမအကြိမ် အသင်ဝင်းများစုံညီတွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ(၂၃)ရက်။

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း(၁၀)နှစ်ပြည့်နှင့် သတ္တမအကြိမ်အသင်ဝင်းများစုံညီတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌ၊ ဒုတိယဥက္ကဌ ၊ အတွင်းရေးမှူးများ၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးစိုးသိန်း ၊ ဒုတိယဥက္ကဌများ ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလှူရှင်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ နိုင်ငံတော်သီချင်းနှင့်အတူ နိုင်ငံတော်အလံအား အလေးပြု၍ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအဖွဲ့က ပွဲတိုင်းကျော် သီချင်းအား သံပြိုင်သီဆိုကြ၍ အခမ်းအနားအား စတင်ခဲ့ပါသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် က အဖွင့်အမှာစကားပြောကြားပြီးနောက် အားကစားနှင့်ကာပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး က အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဌ ၊ မြန်မာ့ဘော်လီဘော လက်ရွေးစင်ဟောင်း ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း နာယက မြန်မာ့ရေကူးလက်ရွေးစင်ဟောင်း ဦးသက်ဝင်းက ဩဝါဒစကား မြွက်ကြားခဲ့ပါသည်။

ထို့နောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းသို့ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းရာ ပထမဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဇနီး ဒေါ်မေသန်းကြိုင်တို့ ကိုယ်စား အားကစားနှင့်ကာပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက အလှူငွေကျပ်(၁၀)သိန်းအား ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့က လှူဒါန်းသော ငွေကျပ်(၂၅)သိန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက လှူဒါန်းသော ငွေကျပ် သိန်း(၂၀)ကို လည်းကောင်း မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးစိုးသိန်းမှ လက်ခံရယူ၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသော ငွေကျပ်(၁၀)သိန်း ၊ အားကစားဝတ်စုံ(၂၅၀)နှင့် အနွေးထည်(၂၅)ထည်တို့ကို အားကစားနှင့်ကာပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက လက်ခံရယူ၍လည်းကောင်း၊ အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဇနီး ဒေါ်သက်မြတ်နိုးတို့ ကိုယ်စား အားကစားနှင့်ကာပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ငွေကျပ် (၁၀)သိန်းအားပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်ကလည်းကောင်း လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးစိုးသိန်းနှင့် ဇနီး ဒေါ်ဘေဘီ သားသမီးမြေးမြစ်တို့မှ ငွေကျပ်(၁၅)သိန်း၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ ငွေကျပ်(၁၀)သိန်း၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် မှ ငွေကျပ်(၁၀)သိန်း၊မြန်မာ့ဘော်လီဘောလူမှုရေးအသင်း ဥက္ကဌမှ ငွေကျပ်(၁၀)သိန်း၊မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ ငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ငွေကျပ်(၅)သိန်းနှင့် အလှူရှင်အသီးသီး၏ လှူဒါန်ငွေပေးအပ်မှုများအား တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း အတွင်းရေးမှူး မြန်မာ့ဝူရှူး လက်ရွေးစင်ဟောင်း ဦးဇော်ဇော်မိုးက အသင်းကြီး၏ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဒုတိယ ဥက္ကဌ မြန်မာ့ဘောလုံး လက်ရွေးစင်ဟောင်း ဦးလှရွှေလေး က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး နေ့လယ်စားဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရသည်။