အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ မြန်မာလှေလှော်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်း ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေး

ထိုင်း၊ ဒီဇင်ဘာ ၅

မြန်မာအားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့၌ ကျင်းပလျက်ရှိသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစားအဖွဲ့မှ အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်း အုပ်စု(ခ)၏ ပထမဦးဆုံး အုပ်စုပတ်လည်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့သည် ချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ မြန်မာလှေလှော် အားကစားအဖွဲ့မှ အားကစားသမားများ၏ လေ့ကျင့် နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ ပြိုင်ပွဲတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်သွားရန်နှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့သည် မြန်မာဘောလုံးအမျိုးသမီး အသင်း တည်းခိုနေထိုင်လျက်ရှိသည့် Classic Kameo Hotel သို့ သွားရောက်၍ အားကစားသမား များ၏ နေ့လည်စာ စားသောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအတိုင်း ပြိုင်ပွဲ ယှဉ်ပြိုင်ရာတွင် အောင်မြင်ရမည်၊ နိုင်ရမည် ဆိုသည့် စိတ်ဓာတ်ဖြင့် နောက်ဆုံးအချိန်ထိ မလျော့ သော ဇွဲ၊ လုံ့လဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားရန်နှင့် မြန်မာပရိသတ်များ မျှော်လင့် တောင်းတအားပေးသည့်အတိုင်း ဦးဆောင်အနိုင်ဂိုးများကို သွင်းယူနိုင်ပြီး အောင်မြင်မှုများ ဆွတ်ခူး ရရှိအောင် အစွမ်းကုန် ကြိုးစားသွားရန် တိုက်တွန်းအားပေးစကားပြောကြားခဲ့သည်။

ယင်းနောက် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် ချွန်ဘူရီမြို့ရှိ TNSU Chonburi Stadium (Chonburi)၌ ကျင်းပခဲ့သည့် ဘောလုံး အမျိုးသမီး အုပ်စုပတ်လည်ပြိုင်ပွဲ အုပ်စု(ခ) မြန်မာအသင်း၏ ပထမဦးဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ပထမပိုင်း ၄၅ မိနစ်တွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့သည် နှစ်သင်းစလုံး ဦးဆောင်ဂိုး ရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ၄ မိနစ် ၁၈ စက္ကန့်တွင် မြန်မာအသင်းမှ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း ကျောနံပါတ် ၇ က ဦးဆောင်ဂိုးအား သွင်းယူခဲ့ပြီး ဖိလစ်ပိုင် အသင်းက ချေပဂိုးပြန်လည်ရရှိရေးနှင့် မြန်မာအသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူနိုင်ရေးတို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်အပြီး အချိန်ပို ၄ မိနစ်တွင် မြန်မာအသင်းက ဦးဆောင်အနိုင်ဂိုးဖြင့် ယှဉ်ပြိုင်ကစားခဲ့သည်။

ဒုတိယပိုင်း ၄၅ မိနစ်အား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ဖိလစ်ပိုင်အသင်းမှ Ramires Mary Louise ကျောနံပါတ် ၂၁ က ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီးနောက် ၈၈မိနစ် ၂၀စက္ကန့်တွင် မြန်မာ အသင်းမှ မေထက်လူ ကျောနံပါတ် ၁၃ က မြန်မာအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးအား ခေါင်းတိုက်၍ လှလှပပ ထပ်မံသွင်းယူနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အဆိုပါ ဘောလုံးအမျိုးသမီးပြိုင်ပွဲတွင် ပရိတ်သတ်အင်အား ၄၉၉၅ ဦးခန့် တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး U-22 ဘောလုံးအမျိုးသား အုပ်စုပတ်လည်ပြိုင်ပွဲ အုပ်စု(ဂ) မြန်မာအသင်း၏ ပထမဦးဆုံးပွဲစဉ်အဖြစ် ချင်းမိုင်းမြို့ရှိ 700th Anniversary of Chiang Mai Stadium(Chiangmai)၌ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ၁၉မိနစ်တွင် ဖိလစ်ပိုင်အသင်းမှ Monis Alex James ကျောနံပါတ် ၁၃ က ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် မြန်မာ အသင်းက ချေပဂိုးပြန်လည်ရရှိရေးအတွက် တိုက်စစ်ဆင်ကစားခဲ့သော်လည်း တစ်ဖက်အသင်း၏ ခံစစ်အားကောင်းမှုကြောင့် ဂိုးရရှိမည့် အခွင့်အရေးများအား လက်လွှတ်ခဲ့ရသည်။

ထို့နောက် ဒုတိယပိုင်း ၄၅ မိနစ်အား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ၅၀ မိနစ်တွင် ပြိုင်ဘက်ကစားသမား၏ တိုက်စစ်ဆင်ကစားမှုကို မြန်မာအသင်းနောက်ခံလူ Lat Wai Phone ကျောနံပါတ် ၁၄ က ဖြတ်ထုတ်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ် ပြန်လည်သွင်းယူမိခဲ့ပြီး ဖိလစ်ပိုင် အသင်းမှ ဒုတိယဂိုးကို ထပ်မံရရှိခဲ့သည်။ မြန်မာအသင်းအနေဖြင့် ချေပဂိုးရရှိစေရေးအတွက် အကြိတ်အနယ် တိုက်စစ်ဆင်ကစားသော်လည်း ပြိုင်ပွဲများပြီးဆုံးချိန်တွင် ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် ချွန်ဘူရီမြို့ရှိ TNSU Chonburi Stadium (Chonburi)၌ ကျင်းပမည့် ဘောလုံးအမျိုးသမီးပြိုင်ပွဲ အုပ်စု(ခ) မြန်မာအမျိုးသမီးအသင်း၏ ဒုတိယနေ့ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် မလေးရှားအသင်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ချင်းမိုင်းမြို့ရှိ 700th Anniversary of Chiang Mai Stadium (Chiangmai)၌ ကျင်းပမည့် U-22 ဘောလုံးအမျိုးသားပြိုင်ပွဲ အုပ်စု(ဂ) မြန်မာအမျိုးသားအသင်း၏ ဒုတိယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။