![]()
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်၊ ဧပြီ ၅
(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်း အဝေးသည် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးနှင့် စပ်လျဉ်း၍ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာ့အားကစား ပြန်လည် ဦးမော့လာရေးနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေးတို့ အတွက် မိမိတို့ဝန်ကြီးဌာနနှင့်အတူမြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ် များ၏ လက်တွဲညီစွာဖြင့် အတူတကွ ဆောင်ရွက်နိုင်မှုသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၆-၄-၂၀၂၆ ရက်နေ့မှ ၉-၄-၂၀၂၆ ရက်နေ့အထိ မလေးရှား နိုင်ငံတွင် ကျင်းပပြုလုပ်မည့် SEAGF Meeting သို့ တက်ရောက်ရန် ပြည်ပခရီးစဉ် သွားရောက် ကြမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စတင်ဆွေးနွေးခြင်းများ ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊ အစည်းအဝေးသို့တက်ရောက်ရန် မသွားရောက်မီ အဖွဲ့ချုပ်များနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို ဆွေးနွေးသွားခြင်းဖြစ်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် ပြိုင်ပွဲအတွက် လျာထားဆောင်ရွက်မည့်စုဖွဲ့ထားရှိခြင်း၊ စခန်းသွင်းလေ့ကျင့်မည့် Events နှင့် အားကစားနည်း အမျိုးအစားများ၊ ပြည်တွင်း/ ပြည်ပမှ နည်းပြဌားရမ်းနိုင်ရေးကိစ္စရပ်များကို အသေးစိတ် တင်ပြ ဆွေးနွေးပေးသွားစေလိုကြောင်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေဖြင့် ထပ်မံထည့်သွင်းပေးစေ လိုသည့် အားကစားနည်းများကို တရားဝင်ပေးပို့ထားပြီး SEAGF အစည်းအဝေးတွင်လည်း ထည့်သွင်း ဆွေးနွေး ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၃)၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိတို့ သက်ဆိုင်ရာ အားကစားနည်းအလိုက် ပြိုင်ပွဲကျင်းပရေးကော်မတီများနှင့် ရင်းရင်းနှီးနှီး ချိတ်ဆက် ဆောင်ရွက်ထားစေလိုကြောင်း၊ ပြိုင်ဘက်နိုင်ငံများ၏ စံချိန်/စံညွှန်းနှင့် နည်းစနစ်များကို ကြိုတင် လေ့လာထားရန်လိုအပ်ပါကြောင်း၊ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ရာ၌ အမှန်တကယ် လေ့ကျင့်ချိန်သည် (၁)နှစ်ကျော် လောက်သာရှိပါကြောင်း၊ လူရွေးချယ်ရေး၊ စခန်းသွင်းလေ့ကျင့်ရေး၊ Training Program၊ အောင်နိုင်ရေးစီမံချက်၊ Joint Training သွားရောက်ယှဉ်ပြိုင်မှုများနှင့် အုပ်ချုပ်/နည်းပြများ၏ စနစ်တကျလေ့ကျင့်သင်ကြားပေးမှုများဖြင့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယခုထက်ဆုတံဆိပ်များ ပိုမိုရရှိအောင် ကြိုစားပေးသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများက (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု များ၊ အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများအားဖွဲ့စည်း၍ စခန်းသွင်းထားရှိမှုအခြေအနေများ၊ အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်မည့် လျာထား Event များ၊ နည်းပြ၊ အားကစားသမား များ၏ လူဦးရေးစာရင်းများ၊ ပြည်တွင်း/ပြည်ပပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် သွားရောက်ယှဉ်ပြိုင်နိုင်ရေး များ၊ နိုင်ငံခြားနည်းပြငှားရမ်းနိုင်ရေးကိစ္စရပ်များ၊ မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်နိုင်ရေး နှင့် စခန်းသွင်းလေ့ကျင့်သွားနိုင်ရေးကိစ္စရပ်များ၊ Joint Training သွားရောက်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ် များကို တင်ပြဆွေးနွေးပြီး ဌာနမှချမှတ်လမ်းညွှန်းပေးသည့်အတိုင်း ပူးပေါင်းပါဝင်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်ပြောကြား ရာတွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မိမိတို့အဖွဲ့ချုပ်အလိုက် ထည့်သွင်းပေးစေလိုသည့် By Event များ ကျန်ရှိနေပါက အချိန်မီ အမြန်ဆုံး ပေးပို့ကြစေလိုကြောင်း၊ (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးနှင့် ဆုတံဆိပ်များရရှိနိုင်ရေးအတွက် အဖွဲ့ချုပ်များမှ ဝန်ကြီးဌာနသို့ လိုအပ်ချက်များကို တင်ပြ ဆောင်ရွက်ရာတွင် မှတ်တမ်းများစနစ်တကျပြုစုထားရှိ၍ အောင်မြင်မှုများရရှိစေရေးအတွက် ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။




