မသန်စွမ်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား
နေပြည်တော်၊ နိုဝင်ဘာ ၁ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများအတွက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို ၂၉-၁၀-၂၀၂၄ ရက်နေ့မှ ၁-၁၁-၂၀၂၄ ရက်နေ့အထိ လယ်ဝေးမြို့၊ Training Center 2 တွင် ဖွင့်လှစ်ခဲ့ရာ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းသင်တန်းသား/သူ ၃၂ ဦး တက်ရောက်ခဲ့ပါ သည်။
သင်တန်းတွင် စားသောက်ကုန်များအနေဖြင့် ရှောက်ယို၊ သင်္ဘောသီးယို၊ ခရမ်းချဉ်သီးယို၊ ကျောက်ဖရုံယို အပါအဝင် ယိုမျိုးစုံပြုလုပ်နည်းနှင့် ဇီးဖျော်ရည်၊ ရှောက်သီး ဖျော်ရည်၊ မကျည်းသီးဖျော်ရည်နှင့် သံပုရာရည်အဆီပြုလုပ်နည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။
သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ၁-၁၁-၂၀၂၄ ရက်နေ့၊ ညနေ (၀၄:၀၀)နာရီအချိန်တွင် Training Center – 2 ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှုချုပ်၊ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ နေပြည်တော် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ၊ လယ်ဝေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်ကြားပို့ချပေးသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆရာမ ၂ ဦးတို့အား ဂုဏ်ပြုလက်ဆောင်နှင့် သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှုချုပ်၊ ညွှန်ကြားရေးမှူးများနှင့် နေပြည်တော်မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌတို့က ထူးချွန်သင်တန်းသား ၅ ဦးတို့အား တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ်ဆယ်သိန်းတိတိကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။




