မသန်စွမ်းလူငယ်များအတွက်ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ မတ် ၂၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားမှူးရေးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသက် ၁၅ နှစ်မှ ၃၅ နှစ် အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် မသန်စွမ်းလူငယ်များကို ချန်လှပ်ထားခြင်းမရှိဘဲ မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်စေရေး၊ မသန်စွမ်းလူငယ်များ လူ့အဖွဲ့အစည်းအတွင်း ပါဝင်မှုအပေါ် ပိုမို လေးနက်စွာ နားလည်အသိအမှတ်ပြုနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ စာတွေ့/လက်တွေ့ အနေဖြင့် ခေါင်းလျှော်ရည်၊ Hand Gel ၊ ဆပ်ပြာရည်မျိုးစုံ၊ အိမ်သုံး ဆပ်ပြာခဲပြုလုပ်နည်းများကို သင်ကြားပေးခဲ့သည့်အတွက် မသန်စွမ်းလူငယ်များ အိုးမကွာအိမ်မကွာ အရင်းအနှီးနည်းနည်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ပြီး လူသုံးကုန်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရောင်းချခြင်းအားဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးခဲ့ သည့် သင်ခန်းစာများနှင့်ပညာရပ်များကို အခြေခံပြီးလက်တွေ့နယ်ပယ်တွင် အသုံးချနိုင်အောင် ကြိုးစားသင်ယူပြီး မိမိတို့ဝါသနာပါရာ အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရင်း ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးစား လုပ်ကိုင်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် သင်တန်းနည်းပြ ဆရာမများအား အမှတ်တရဂုဏ်ပြု လက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များကို ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


