အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၃) အခမ်းအနားသို့ တက်ရောက်

မကွေး၊ နိုဝင်ဘာလ(၃၀)ရက်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရည်ရွယ်ချက်များ ထားရှိ ဖွဲ့စည်းပေးထားသည့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ (၁/၂၀၂၃)အစည်းအဝေးကို နိုဝင်ဘာလ(၃၀)ရက် ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ (၃၃%) နီးပါးသည် အသက် (၁၅ – ၃၅ ) နှစ်အတွင်းရှိသော လူငယ်များဖြစ်ပြီး၊ ဒီလူငယ်တွေဟာ ကျွန်တော်တို့ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားတဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစုတစ်ရပ်လည်းဖြစ်ကာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းများလည်း ဖြစ်ပါကြောင်း၊ ယနေ့ခေတ်မှာ အရည်အသွေးပြည့်ဝတဲ့ လူငယ်အဖွဲ့အစည်းတွေကို ပိုင်ဆိုင်တဲ့ နိုင်ငံများဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဆက်လက်ပြီးတော့လည်း ဖွံ့ဖြိုးတိုးတက်မည့် အလားအလာကောင်းများကို ရရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါကြောင်း၊ ဒါ့ကြောင့်လည်း လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် (၁/၈/၂၀၂၁)ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၁၅၁ /၂၀၂၁)နဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ အဓိက ရည်မှန်းချက်တွေကတော့ နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန်၊ လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓါတ်ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကိုကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များအတွင်း အမျိုး၊ ဘာသာ ၊ သာသနာ ၊ ယဉ်ကျေးမှု ၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ တိုးပွားလာစေရန်၊ လူငယ် များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်စေရန်၊ မသန်စွမ်းလူငယ်များ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များ ဘဝမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန်၊ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန်နှင့် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အစည်းများနှင့် ရင်းနှီးစွာထိတွေ့ ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမို ဆောင်ရွက်နိုင်စေရန်ဆိုတဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ပါကြောင်း၊ ဒါ့အပြင် လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးရန်၊ လူငယ်များ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ဆောင် ရွက်မှုကို အားပေးရန်၊ လူငယ်များကို ခေါင်းဆောင်မှုအရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊ လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး အတွေးခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍ တစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လာနိုင်စေရန်၊ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှု အရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်များပေါ်ထွန်းစေရန်၊ အနုပညာ၊ အားကစားလှုပ်ရှားမှုများ အပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်း အပြန်အလှန်ထိတွေ့ ဆက်ဆံ သင်ယူနိုင်မည့် လူငယ်စင်တာများ ထူထောင်ပေးရန် စသည်ဖြင့် လူငယ်တွေရဲ့ ဘဝအနာဂတ်များအတွက် မူဝါဒတွေကိုလည်း ချမှတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း မှာရှိတဲ့ လူငယ်များ အတွက် လက်ရှိဘဝ သာယာလှပရေးအပြင် နောင်အနာဂတ် အလားအလာကောင်းတွေအတွက်ပါ ထည့်သွင်းစဉ်းစားပေးနိုင်ဖို့ နိုင်ငံအတွင်းမှာသာမက ပြည်ပကိုပါ ထိုးဖောက် ဆက်သွယ် ဦးဆောင်နိုင်မဲ့ ကမ္ဘာ့ခေါင်းဆောင်များဖြစ်ရေး မျှော်တွေးကာ မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေဖြင့် နိုင်ငံတော်ရဲ့ ရည်မှန်းချက် မူဝါဒများနှင့်အညီ အဖက်ဖက်က ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းအကြံပြု ညှိနှိုင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒု-ဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က အစည်းအဝေးကျင်းပခြင်း အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေး တင်ပြမှုများအပေါ် မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။